ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးရေးစခန်းများတွင် မိသားစုထံသို့ ၂၅ ရာခိုင်နှုန်း ငွေလွှဲပြောင်းပြီးမှ စာအုပ်ထုတ်ပေးနေသည့်အပေါ် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကန့်ကွက်လိုက်သည်။
မြန်မာအလုပ်သမားများသည် အခြေခံလုပ်ခလစာ ၃ လစာ၏ စုစုပေါင်း ၂၅ ရာခိုင်နှုန်းနှင့် ညီမျှသော ဘတ် ၆၀၀၀ ကျော်ကို မြန်မာပြည်တွင်းရှိ မိသားစုဝင်များထံ ငွေလွှဲပြောင်းမှသာ CI စာအုပ်ကို ထုတ်ယူခွင့် ရရှိနေခြင်းဖြစ်သည်။
CI စာအုပ်ပြုလုပ်ရန် 7-Eleven စတိုးဆိုင်များတွင် ရက်ချိန်းတိုကင်အတွက် ၂၆၇၀ ဘတ်နှင့် စခန်းတွင် တိုကင်နံပါတ် ယူခ အဖြစ် ၁၅၀၀ ဘတ်များကို ပေးဆောင်နေရပြီး မိသားစုလွှဲပြောင်းငွေပါ လိုအပ်လာသည့်အတွက် မြန်မာအလုပ်သမားများ ဝန်ပိနေခဲ့ကြသည်။
ထို့ကြောင့် မြန်မာအလုပ်သမားများနှင့်အတူ အလုပ်သမားကူညီရေးလှုပ်ရှားသူများက CI စာအုပ် မပြုလုပ်ကြရန် သပိတ်မှောက်လာကြသည်။ ထိုင်းအတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီကလည်း CI စခန်းတွင် အကျင့်ပျက်ချစားမှု၊ အခွန်နှစ်ထပ်ပေးဆောင်နေရမှုအတွက် အစိုးရက ဖြေရှင်းရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။
ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် Pheu Thai ပါတီရုံး၌ ပြုလုပ်သော နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီတွင် အလုပ်သမားဝန်ကြီး Julapun Amornvivat က ၂၅ ရာခိုင်နှုန်း မိသားစုလွှဲပြောင်းငွေကို ကန့်ကွက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
CI စာအုပ်ပြုလုပ်စဉ် ၂၅ ရာခိုင်နှုန်း မိသားစုထံ လွှဲပြောင်းခိုင်းမှုနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနသည် မြန်မာသံအမတ်နှင့် နှစ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
ယင်းလိုအပ်ချက်အတွက် ကန့်ကွက်ကြောင်းကိုလည်း အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာစစ်အုပ်စုနှင့် သံအမတ်များကို တရားဝင် စာပေးပို့သွားရန် စီစဉ်ထားကြောင်း ဝန်ကြီးက ပြောသည်။
CI စခန်းများကိုမူ ဖျက်သိမ်းမည်မဟုတ်ဘဲ ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး အလုပ်သမားများ၏ မူလနိုင်ငံနှင့် ပက်သက်၍ အချက်အလက်များကို အတည်ပြုရန် လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။
CI စခန်းများသည် ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲမှုအတွက် အရေးကြီးသဖြင့် နိုင်ငံတကာအဆင့်နှင့်အညီ လုပ်ဆောင်ရန် မြန်မာစစ်အုပ်စုနှင့်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။
Ref: Khaosod, The Standard






