ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တောင်ပေါ်သားကတ်ဟု လူသိများသည့် ဆယ်နှစ်ခံကတ်ကို တရားမဝင် ကိုင်ဆောင်ထားသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား ၁၂ ဦးနှင့်အတူ ပါဝင်ပတ်သက်သူများကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဆယ်နှစ်ခံကတ်ဆိုသည်မှာ ထိုင်းနယ်စပ်ဒေသနေ နိုင်ငံသားမှတ်ပုံတင် မရှိသေးသော တိုင်းရင်းသားများကို နေထိုင်ခွင့် ရရှိစေရန် ထုတ်ပေးထားသည့် သက်သေခံလက်မှတ်တစ်မျိုး ဖြစ်သည်။
ယင်းဆယ်နှစ်ခံကတ်ကို အလွဲသုံးစားပြုလုပ်ပြီး တရားမဝင် ရယူထားသော မြန်မာနိုင်ငံသား ၁၂ ဦးနှင့်အတူ ဆယ်နှစ်ခံကတ် ပြုလုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့သူ ၄၄ ဦး စုစုပေါင်း ၅၆ ဦးကို ဖမ်းဆီးထားကြောင်း ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲတပ်ဖွဲ့ဘက်ကက ပြောသည်။
ဆယ်နှစ်ခံကတ် ပြုလုပ်ရာတွင် ပါဝင်ခဲ့သူများတွင် အစိုးရဝန်ထမ်း တစ်ဦး၊ ရွာလူကြီး ရှစ်ဦး၊ အိမ်ရှင် ခြောက်ဦး၊ သက်သေခံသူ ၂၉ ဦး စုစုပေါင်း ၄၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။
၎င်းတို့အားလုံးသည် ချင်းမိုင်ခရိုင် ဖန်ဒေသတွင် တောင်ပေါ်သားကတ်များကို အလွဲသုံးစားပြုလုပ်ပြီး နိုင်ငံခြားသားများကို တရားမဝင် ထုတ်ပေးထားရာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဆိုသည်။
ယခုနှစ် အောက်တိုဘာလက ဒွန်မောင်းလေဆိပ်တွင် တရုတ်နိုင်ငံသား မိဘနှင့်အတူ ခရီးသွားမည့် အသက် ၁၂ အရွယ် ကလေးငယ်တစ်ဦး၏ မွေးစာရင်းတွင် ထိုင်းနိုင်ငံသား ဖခင်၏ အမည်ကို ထည့်သွင်းထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် နောက်ကြောင်းကို စုံစမ်းစစ်ဆေးရာမှ စီမံချက်ဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ဆယ်နှစ်ခံကတ်ကို တရားမဝင် ရယူထားမှုနှင့် ပတ်သက်၍ ဆက်လက်ဖမ်းဆီးနေဆဲဖြစ်ပြီး ၈၁ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ၅၆ ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
ဆယ်နှစ်ခံကတ်များကို ဘတ် ၁၂၀,၀၀၀ ဖြင့် ပွဲစားများမှတစ်ဆင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး အစိုးရဝန်ထမ်းတစ်ဦးက ဆယ်နှစ်ခံကတ်ပေါင်း ၃၃ ခုကို တရားမဝင် ထုတ်ပေးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ယခုနှစ် ဇွန်လမှစ၍ ဆယ်နှစ်ခံကတ် အလွဲသုံးစား ပြုလုပ်မှုနှင့် ပတ်သက်၍ နိုင်ငံခြားသား ၇၄ ဦး၊ အစိုးရဝန်ထမ်း ၁၂ ဦးနှင့် သက်သေခံသူ ၇၁ ဦး စုစုပေါင်း ၁၅၇ ဦးကို ဖမ်းဆီးပြီးဖြစ်ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူများကိုလည်း ဆယ်နှစ်ခံကတ်များကို အလွဲသုံးစားပြုလုပ်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုသည်။
Ref: National Police, The Reporter






