သတိပေးချက်
November 13, 2026

ထိုင်းအလယ်ပိုင်းတွင် လုပ်သားတန်းလျားကို အာဏာပိုင်များ ဝင်စစ်၊ မြန်မာ ၈၀ ခန့် ဖမ်းဆီးခံရ

November 13, 2026

November 13, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း စရာဘူရီခရိုင်တွင် အလုပ်သမားများ နေထိုင်ရာတန်းလျားကို ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ပြီး တရားမဝင် နေထိုင်နေသော မြန်မာနိုင်ငံသား ၈၀ ခန့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၁ ရက်က စရာဘူရီခရိုင် နော့ခဲဒေသ ဆည်မြောင်းဘေးရှိ အလုပ်သမားတန်းလျားတွင် နိုင်ငံခြားသားများ အုပ်စုလိုက်နေထိုင်ကြကြောင်း တိုင်ကြားချက်ရရှိသဖြင့် နယ်မြေခံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

စစ်ဆေးစဉ် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများကို မပြသနိုင်သော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၈၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့သည် ဘုရားသုံးဆူ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာကြပြီး ကားများ အဆင့်ဆင့်စီး၍ ယခုနေရာသို့ ရောက်ရှိလာခဲ့ကြကြောင်း မြန်မာများက ထွက်ဆိုသည်ဟု ဆိုသည်။

ခရီးစရိတ်အတွက် ပွဲစားများကို ဘတ် ငါးထောင်စီ ပေးခဲ့ရကြောင်း ဆက်လက်ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် အလုပ် မလုပ်ရသေးကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့် အရေးယူထားပြီး ပါဝင်ပတ်သက်သူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Saraburi News, Kardcheud