ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ကားရေဆေးလုပ်ငန်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၁၉ ရက်က ချင်းမိုင်မြို့ ဆန်ဆိုင်းဒေသရှိ ကားရေဆေးလုပ်ငန်းကို လဝကနှင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
မြန်မာအလုပ်သမားသုံးဦးသည် နေထိုင်ခွင့် ဗီဇာကုန်နေကြပြီး အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြ ကြောင်း ဖော်ပြသည်။
အခြား မြန်မာအလုပ်သမား နှစ်ဦးက အလုပ်ရှင်ပြောင်းလဲလုပ်ကိုင်နေသည်ကို အလုပ်သမားရုံးထံ အကြောင်းကြားထားခြင်း မရှိကြောင်း ဆိုသည်။
နောက်ထပ် မြန်မာအလုပ်သမား နှစ်ဦးသည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် နေထိုင်ကြပြီး အလုပ်လုပ်ခွင့်လက်မှတ် မရှိကြကြောင်း သတင်းများတွင် ဖော်ပြသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများကို မယ့်ဂျိုးရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း တရားမဝင် ဝင်ရောက်လာမှုဖြင့် မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှု ပိုမြင့်တက်လာနေသလို လုပ်ငန်းခွင်ထဲတွင် စာရွက်စာတမ်း မပြည့်စုံသူများကို ဖမ်းဆီးအရေးယူမှုများလည်း ဆက်တိုက် မြင်တွေ့လာရသည်။
Ref: Chiangmai News, Lanna News






