ထိုင်းနိုင်ငံအရှေ့ပိုင်း ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးအလုပ်သမား တန်းလျားများကို အာဏာပိုင်များက ဝင်ရောက် စစ်ဆေး ခဲ့ပြီး ဧည့်စာရင်းမတိုင်ထားဟု ဆိုကာ ဘတ် တစ်သိန်းခွဲနီးပါး ဒဏ်ငွေချမှတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက်က ရယွန်ခရိုင် ဘန်းခိုင်နယ်မြေ နော့ဘိုဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းအတွင်း အလုပ်သမား တန်းလျားနှစ်ခုကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့သည်။
ပထမနေရာတွင် မြန်မာအလုပ်သမား ၁၅၀ ဦး ရှိနေပြီး ၎င်းတို့အနက် မြန်မာအလုပ်သမား ၄၀ ဦးသည် ဧည့်စာရင်း မတိုင်ထားဟုဆိုကာ စုစုပေါင်း ဘတ် ရှစ်သောင်းဒဏ်ငွေချမှတ်ကြောင်း ဖော်ပြသည်။
နောက်တစ်နေရာတွင် မြန်မာအလုပ်သမား ၁၄၃ ဦးရှိပြီး ၎င်းတို့အနက် မြန်မာအလုပ်သမား ၃၀ ဦးကို ဧည့်စာရင်း မတိုင်ထားဟုဆိုကာ စုစုပေါင်း ဘတ်ခြောက်သောင်းကို ဒဏ်ငွေချမှတ်ခဲ့ကြောင်း ဖော်ပြသည်။
မြန်မာအလုပ်သမား ၁၅ ဦးတွင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာအလုပ်သမားများသည် ဆောက်လုပ်ရေးကုမ္ပဏီ ရှစ်ခုတွင် အလုပ်လုပ်ကိုင်နေကြပြီး တန်းလျားကို စစ်ဆေးစဉ် အလုပ်ရှင်များကို မတွေ့ရသဖြင့် ရှာဖွေစစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် အလုပ်သမားနေရာနှစ်ခုပေါင်းကို ဒဏ်ငွေ ဘတ် ၁၄၀,၀၀၀ ကို ချမှတ်ခဲ့ပြီး တရားမဝင် နေထိုင်နေသော မြန်မာအလုပ်သမား ၁၅ ဦးကို ဥပဒေအရ အရေးယူရန် ဘန်းခိုင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Khaosod, Matichon Online






