သတိပေးချက်
November 25, 2026

ဒီဇင်ဘာတွင် မလေးရှားက မြန်မာ ၆၈၀၀ ကျော်ကို နေရပ်ပြန်ပို့မည်

November 25, 2026

November 25, 2026
ပုံ - စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် လုပ်ဆောင်နေစဉ်။

မလေးရှားအစိုးရက လာမည့်ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသား ၆၈၀၀ ကျော်ကို နေရပ်ပြန်ပို့သွားရန် စီစဉ်ထားကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေညာလိုက်သည်။

ယခုနေရပ်ပြန်ပို့ခံရမည့်သူများတွင် ရိုဟင်ဂျာများ ထောင်ချီပါဝင်နိုင်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမိန့်ချမှတ်ပြီး ငါးရက်အကြာ မလေးရှားဝန်ကြီးချုပ်က ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့မည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

လာမည့် ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်များတွင် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား ၁၅၀၀ ကျော်ကို စစ်သင်္ဘော သုံးစင်းဖြင့် နေရပ်ပြန်ပို့သွားမည်ဟု ဝန်ကြီးချုပ်က ပြောသည်။

နောက်ထပ် ၅၃၀၃ ဦးကို လေကြောင်းလိုင်းမှတစ်ဆင့် မြန်မာစစ်အုပ်စု၏ အစီအစဉ်ဖြင့် ဒီဇင်ဘာလအတွင်း နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ပြီးခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို မြန်မာစစ်သင်္ဘောဖြင့် နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုနေရပ်ပြန်ပို့မည့်အစီအစဉ်ကို ထပ်မံကြေညာလိုက်ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်အတွင်း မလေးရှားအစိုးရက မြန်မာနိုင်ငံသား ၁၂၀၀၀ ကျော်ကို နေရပ်ပြန်ပို့ထားပြီးဖြစ်သည်။

လက်ရှိတွင် မလေးရှားနိုင်ငံအတွင်း မှတ်ပုံတင်ထားသော ဒုက္ခသည် ၂၂၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့၏ ၉၀ ရာခိုင်နှုန်းခန့်က မြန်မာဒုက္ခသည်များဖြစ်သည်။ မြန်မာဒုက္ခသည်အများစုမှာ ရိုဟင်ဂျာနှင့် ချင်းတိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံက နေရပ်ပြန်ပို့ခံရသူများကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းမှုများ ရှိနေသည့်အပေါ်တွင်လည်း မလေးရှားအစိုးရက မြန်မာစစ်အာဏာရှင်ထံမှ ဖြေရှင်းချက်တောင်းထားဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

လက်ရှိ မလေးရှားနိုင်ငံ၏ နေရပ်ပြန်ပို့မည့်အစီအစဉ်ကြောင့် မလေးရှားရောက် ရိုဟင်ဂျာနှင့် ချင်းတိုင်းရင်းသားများအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Al Jazeera, ABC News