ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၂၅ ရက် ည ၈ နာရီခန့်တွင် စန်ခရာဘူရီဒေသ တောထဲ၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် မြန်မာနိုင်ငံသားများ အုပ်စုလိုက် ပုန်းနေသည်ကို တွေ့ရသဖြင့် စစ်ဆေးမေးမြန်းရာ ဖမ်းဆီးခဲ့ကြောင်း ဆိုသ်ည။
ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၆ ဦးဖြစ်ပြီး အများစုသည် လူငယ်များ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီဒေသသို့ တရားမဝင် ဝင်လာကြပြီး အားလုံးတွင် ပန်းရောင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်ကဲ့သို့ နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
၎င်းတို့ကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး စန်ခရာဘူရီရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
Ref: Sangkhlaburi Police Station, Banmuang






