ပြင်းထန်စွာ ခံစားရသည့် နာကျင်ကိုက်ခဲမှုဒဏ်ထက် မဇင် ပိုကြောက်မိသည်က တိုင်းတပါးတွင် အလုပ်ဖြုတ်ခံလိုက် ရမည်ကိုပါ။
အမျိုးသမီးသဘာဝ ဓမ္မတာလာချိန်အတွက် ထိုင်းအစိုးရက အခွင့်အရေးပေးထားသော်လည်း မဇင်တစ်ယောက်တော့ တစ်ခါမျှပင် ခံစားခွင့် မရသေးပေ။
ဓမ္မတာလာသည့်ရက်များကို လစာပြည့် ခွင့်ရက်အဖြစ်သတ်မှတ်သည်ဟု ထိုင်းအစိုးရ ညွှန်ကြားထားသည်မှာ ရက်ပေါင်း ငါးရာကျော်လာပြီ ဖြစ်သော်လည်း မဇင် နည်းတူ မြန်မာအလုပ်သမ သန်းချီအတွက်မူ ပုံပြင်တစ်ပုဒ်ထက် မပို။
အတိအကျဆိုသော် ထိုင်းအစိုးရက ထုတ်ပြန်ထားသည်မှာ နိုဝင်ဘာလ ၂၇ ရက်တွင် ၅၅၅ ရက်တင်းတင်း ပြည့်ခဲ့လေပြီ။
“အဲဒီလို ရက်တွေကို ခွင့်ရက်အဖြစ် မရခဲ့ဖူးဘူး။ ဒီလိုပဲ နာကျင်ကိုက်ခဲနေလည်း အလုပ်လာရတာပဲ။ သူများနိုင်ငံဆိုတော့ အလုပ်တစ်ရက် နားရင် တစ်ရက်အဖို့ပဲလေ” ဟု မဇင်က ပြောသည်။
သန်းနှင့်ချီသည့် ထိုင်းရောက် မြန်မာအလုပ်သမ များအတွက် ဓမ္မတာခွင့်ရက်ခံစားခွင့်မှာ အရေးကြီးလှသည်။ ထိုင်းအစိုးရ ကမူ ခွင့်ရက်သတ်မှတ်သည်ဆိုသော်လည်း နည်းဥပဒေ မထုတ်၊ သေသေချာချာ အကောင်အထည် မဖော်သောကြောင့် ခံစားခွင့် မရဖြစ်နေကြသည်။ ယင်းအပြင် အရေးတယူ တောင်းဆိုမှုလည်း အားနည်းလှသဖြင့် လေထဲပျောက်ကွယ် သွားမည်ကိုပင် ပူပန်နေရပေသည်။
အမျိုးသမီးအလုပ်သမများ ဓမ္မတာရက်ကို လစာအပြည့်ဖြင့် ခွင့်ရက်သတ်မှတ်ပေးရန် ထိုင်းအစိုးရက ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်က ညွှန်ကြားစာထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါ ညွှန်ကြားစာကို အလုပ်ရှင်များသိရှိစေရန် ခရိုင်အသီးသီးသို့ ဖြန့်ဝေခဲ့သလို အွန်လိုင်းကလည်း အသိပေး ထုတ်ပြန်ထားသည်။
အသက် ၂၈ နှစ်အရွယ် လူလွတ်တစ်ဦးဖြစ်သည့် မဇင် (အမည်လွှဲ) သည် ဘန်ကောက်မြို့ မင်ဘူရီနယ်မြေရှိ အထည်ချုပ်စက်ရုံတွင် လေးနှစ်ကြာ လုပ်ကိုင်နေသူ ဖြစ်သည်။
ထိုင်းအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက်ပိုင်းတွင်လည်း ခွင့်ရက်ခံစားခွင့်မရဘဲ ဓမ္မတာလာချိန် နာကျင်ပင်ပန်းမှုကို အံတုပြီး အလုပ်ဆင်းနေရဆဲဖြစ်ကြောင်း ညည်းတွားသည်။
ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား လေးသန်းကျော်ရှိပြီး ၎င်းတို့ အနက် အမျိုးသမီးအရေအတွက်က ၁ ဒသမ ၈ သန်းကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာရွှေ့ပြောင်အလုပ်သမားမှာ ၃ ဒသမ ၃ သန်းကျော်ရှိပြီး လေးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အားလုံး၏ ၈၀ ရာခိုင်နှုန်းနီးပါး အထိ ရှိသည်။
အဆိုပါ အလုပ်သမားများအနက် အမျိုးသမီးအလုပ်သမားက ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း Labour Rights Foundation ၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်က ခန့်မှန်းထားသည်။
ထို့ကြောင့် မြန်မာအလုပ်သမ သန်းချီမှာ ဓမ္မတာခွင့်ရက်ကို ခံစားခွင့်မရကြသေးဘဲ နာကျင်မှုဝေဒနာကြား အလုပ်လုပ် နေဆဲဖြစ်သည်။
ညွှန်ကြားချက်ထွက်ပြီး တစ်နှစ်ကျော်လာသည်အထိ စက်ရုံအများစုက ဓမ္မတာခွင့်ရက်နှင့် ပတ်သက်၍ စာထုတ် အသိပေးခြင်း မရှိသလို အစိုးရဘက်က နောက်ဆက်တွဲ နည်းဥပဒေ ထွက်လာခြင်းလည်း မရှိသေးကြောင်း Labour Rights Foundation အဖွဲ့က ကိုဇော်က ပြောသည်။
“နည်းဥပဒေက နောက်ဆက်တွဲ ထွက်မလာသေးတော့ စက်ရုံတွေမှာ ခံစားခွင့် မရကြသေးဘူး။ လက်ရှိ ဥပဒေပါ အခွင့်အရေးတွေလောက်ပဲ ခံစားခွင့်ရသေးတယ်။ ဓမ္မတာရက်ကတော့ ကိုယ့်ရဲ့ ကျန်းမာရေးဆေးခွင့်စာနဲ့ပဲ အနားယူကြတာမျိုးပေါ့” ဟု ၎င်းက ပြောဆိုသည်။
Labour Rights Foundation အဖွဲ့သည် ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် အခြေစိုက်ပြီး စက်ရုံအလုပ်သမားအများစုဖြင့် ဖွဲ့စည်းထားသော အလုပ်သမားကူညီရေးအဖွဲ့အစည်းဖြစ်သလို ပညာရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။
ထိုသို့ နည်းဥပဒေ ထွက်ရှိလာခြင်းမရှိသေးသဖြင့် ဓမ္မတာခွင့်ရက်နှင့်ပတ်သက်၍ အလုပ်ရှင်ကို ပြောဆိုခွင့် မရှိသေးသလို တရားဝင် တောင်းဆိုခွင့်လည်း မရှိသေးကြောင်း ကိုဇော်က ရှင်းပြသည်။
ထိုကြောင့်လည်း အလုပ်သမ အများစုက ဓမ္မတာခွင့်ရက်ပေးရန် မတောင်းဆိုရဲကြကြောင်း ဖွင့်ဟကြသည်။
ခွင့်ရက်တောင်းဆိုလိုက်ပါက အလုပ်ရှင်နှင့် ကြီးကြပ်သူများ၏ အငြိုးအတေးအထားခံရကာ အလုပ်ဖြုတ်ခံရမည်ကို စိုးရိမ်ကြသဖြင့် မည်သူမျှ အရဲမစွန့်ကြခြင်းဖြစ်သည်။
“အဲဒီလိုတောင်းဆိုလို့ အလုပ်ဖြုတ်ခံရမှာ ကြောက်တယ်” ဟု မဇင်က ပြောသည်။
ထိုကြောင့်လည်း ဓမ္မတာလာချိန်တိုင်း နာကျင်မှုကို ကြိတ်မှိတ်မြိုသိပ်ရင်း အလုပ်ဆင်းနေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
မဇင်အနီးပတ်ဝန်းကျင်က မြန်မာအလုပ်သမ တွေဟာလည်း ဓမ္မတာခွင့်ရက် မရကြကြောင်း ပြောဆိုသည်။
“အဲဒီလို ခွင့်ရက်သီးသန့်ပေးတာမျိုး မကြားမိဘူး” ဟု မဇင်က ပြောသည်။
ဘန်ကောက်က စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဘုတ်ပြင်းဒေသခံ အသက် ၂၀ ကျော်အရွယ် မခိုင် (အမည်လွှဲ) ဆိုရင်လည်း ဓမ္မတာကာလ ခွင့်ရက် မရကြောင်း ဆိုသည်။
ဓမ္မတာရက်များတွင် ဖျားနာပြီး ကိုက်ခဲနာကျင်လွန်းသောကြောင့် နေမကောင်းဟုပြောဆိုကာ နားလေ့ရှိပြီး ယင်းသို့ ခွင့်ယူလျှင် မန်နေဂျာနှင့် စာရေးမတို့က မကြည်ဖြူကြောင်း ၎င်းက ပြောဆိုသည်။
“သူတို့ ပြန်ပြောတဲ့ပုံက မိန်းကလေးတိုင်းဖြစ်နေတဲ့ဟာပဲ ထူးဆန်းတာမှ မဟုတ်တာမျိုးပေါ့။ တခြား မိန်းကလေးတွေလည်း ဓမ္မတာလာတဲ့အချိန်တွေ အလုပ်ဆင်းကြတာပဲပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် ခံစားရတာချင်းတွေ မတူကြဘူးဆိုတာ သူတို့ လက်မခံတာလား၊ လူသားချင်းကိုယ်ချင်းစာစိတ်မရှိတာလား နားမလည်ဘူး” ဟု မခိုင်က ပြောသည်။
ခွင့်ယူလျှင် လစာဖြတ်တောက်ခံရသည့်အပြင် အလုပ် အာမခံချက် မရှိဟုလည်း ခြိမ်းခြောက်ခံရလေ့ရှိသည်။
“ကိုယ်အပူချိန်တက်ပြီး ကိုက်ခဲနာကျင်တာတွေ သေမတတ်ခံစားရတယ်။ တစ်ခါကဆိုရင် ကျွန်မလုံးဝမထနိုင်ဘူး။ သွေးတွေ အများကြီးဆင်းတော့ အောက်ပိုင်းသေသလိုမျိုးဖြစ်နေတာ။ အလုပ်ကိုဖုန်းဆက်ပြီး ခွင့်ယူတာပေါ့၊ အဲဒါဘာပြောလဲ ဆိုတော့ အဲဒီလို မကြာမကြာနားရင် ဘယ်သူဌေးမှ အလုပ်ကြာကြာခန့်မှာ မဟုတ်ဘူးနော်တဲ့” ဟု မခိုင် ကိုယ်တိုင် လစဉ်ရင်ဆိုင်နေရသည့် အခြေအနေကို ပြန်ပြောင်းပြောပြသည်။
လစာ ဖြတ်တောက်ခံရသဖြင့် အလုပ်မနားလိုသော်လည်း ဓမ္မတာကာလတွင် ပင်ပန်းလွန်းလှသောကြောင့်သာ အလုပ်နား နေရခြင်းဖြစ်ပြီး ယင်းသို့ အလုပ်နားသဖြင့် အလုပ်ထုတ်ခံရလျှင်လည်း ခံရရုံသာရှိကြောင်း မခိုင်က ပြောဆိုသည်။
မခိုင်၊ မဇင်တို့ ဖြစ်ရပ်များမှာ ထိုင်းအစိုးရ၏ ညွှန်ကြားချက်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လျက်ရှိသည်။
ထိုင်းအစိုးရ၏ ညွှန်ကြားချက်တွင် ဓမ္မတာလာသည့်ရက်ကို အလုပ်သမားများက အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြား၍ ခွင့်ရက်တောင်းခံရမည်ဖြစ်သလို အလုပ်ရှင်များကလည်း အလုပ်သမားများအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများကိုပါ စီစဉ်ထားပေးရန် ဖော်ပြသည်။
သို့သော် ဓမ္မတာရက် ခွင့်ခံစားခွင့်ပင် မရသေးသည့်အခြေအနေတွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ထားပေးရေးကိစ္စက ပို၍ပင် အလှမ်းဝေးနေဆဲ။
အလုပ်ရှင်များကလည်း ဓမ္မတာခွင့်ရက်နှင့် ပတ်သက်၍ ထပ်မံပြောဆိုမှု မရှိတော့သလို အမျိုးသမီးအလုပ်သမ များကြား ဓမ္မတာခွင့်ရက်အကြောင်းလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်နေသည်။
“အစ်မဆို တစ်လနဲ့တစ်လ မတူဘူး။ နာကျင်တဲ့ လတွေဆို တအားနာကျင်တာ။ ဆီးစပ်တွေ မတရားကိုက်ပြီး အိပ်ယာထဲပဲ အိပ်နေချင်တာ။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး။ ဒီလိုရက်တွေဆို စိတ်ရောလူရော နှစ်ဆပိုပင်ပန်းတယ်။ အလုပ်က ပြန်ရင် တန်းပြီး မလှုပ်ချင်တော့ဘူး၊ အိပ်ယာထဲ တန်းလှဲလိုက်တယ်” ၎င်းက ရင်ဖွင့်သည်။
ဝေဒနာပြင်းထန်စွာ ခံစားရသော အမျိုးသမီးများမှာ ဓမ္မတာရက်တွင် စက်ရုံအလုပ်သမားခေါင်းဆောင်ကို နေမကောင်း ဖြစ်နေကြောင်းပြောကာ ဆေးခွင့်ယူနေရပြီး လုပ်ခလစာလည်း ဖြတ်တောက်ခံနေရသည်။
မြန်မာအလုပ်သမ လေးသိန်းခန့်သည် မဇင်ကဲ့သို့ စက်ရုံအလုပ်သမများဖြစ်ကြပြီး သုံးသိန်းသုံးသောင်းကျော်သည် ဆောက်လုပ်ရေး အလုပ်သမများ ဖြစ်ကြသည်။
အများစုက ဘန်ကောက်၊ ချွန်ဘူရီ၊ စမွတ်စခွန်နှင့် စမွတ်ပရကန်ခရိုင်များတွင် အများဆုံးလုပ်ကိုင်နေကြကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
အချို့နေရာများတွင် ဓမ္မတာလာချိန် အလုပ်နားပြီး အစားထိုးပြန်လုပ်ပေးနေရသည့် လုပ်ငန်းခွင်များလည်း ရှိနေသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းရှိ ကော်ဖီဆိုင်တွင် စားပွဲထိုးအဖြစ်လုပ်ကိုင်နေသည့် အသက် ၃၃ နှစ်အရွယ် မငယ် (အမည်လွှဲ) လည်း ဓမ္မတာလာချိန် ဆိုင်မန်နေဂျာနှင့် ညှိနှိုင်းပြီး အလုပ်နားရက် အပြောင်းအလဲလုပ်နေရကြောင်း ပြောဆိုသည်။
မငယ်က လောင်းလုံးမြို့နယ်ဇာတိဖြစ်သည်။
“အစ်မက ရာသီလာရင် တအားကိုက်ခဲတယ်။ ဆီးစပ်တွေ တအားကိုက်တယ်။ ဆေးသောက်ပြီး အိပ်နေမှရတယ်။ ခြေကုန်လက်ပန်းကျတယ်။ အစားလည်းမဝင်ဘူး။ လူက လူမမာလိုပဲ ဖြူဖတ်ဖြူရော်နဲ့။ အဲဒီရက်တွေ ယူနားတယ်။ သူများနားချိန်တွေ အချိန်ပို ပြန်ဆင်းပေးရတယ်။ မန်နေဂျာက အမျိုးသမီးပဲဆိုတော့ အမျိုးသမီးအချင်းချင်း နားလည်တယ်” ဟု မငယ်က ပြောသည်။
မန်နေဂျာက အမျိုးသမီးဖြစ်သလို နားလည်ပေးသည့်အတွက် မငယ်အဖို့ နားခွင့်ရသော်လည်း ထိုင်းအစိုးရ သတ်မှတ်သလို လစာပြည့် ခွင့်ရကား မရပေ။ အစားထိုး အလုပ်ပြန်ဆင်းရပေသည်။
ဓမ္မတာလာသည့်ရက်များတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေသည့်အပြင် စိတ်ပိုင်းဆိုင်ရာအရလည်း စိတ်တိုလွယ်၊ ဒေါသထွက်လွယ်လေ့ရှိသည့်အတွက် နားရက်က မဖြစ်မနေလိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။ တစ်ခါတလေတွင် စိတ်အားငယ် ဝမ်းနည်းမိကြောင်းလည်း ဆိုသည်။
“ဘာကို၀မ်းနည်းလို့ ၀မ်းနည်းမှန်းမသိဘဲ စိတ်အားငယ် ၀မ်းနည်းနေတာပါ” ဟု မငယ်က ပြောဆိုသည်။
ယင်းသို့ ကိုယ်ရော စိတ်ပါ ခက်ခဲပင်ပန်းလှသော်လည်း အလုပ်ရှင်များက အရေးတယူ မရှိလှ။
မငယ်ကဲ့သို့ စားသောက်ဆိုင်၊ ဟိုတယ်စသည့် ဝန်ဆောင်မှုလုပ်ငန်းများရှိ မြန်မာအမျိုးသမီးများက ဓမ္မတာရက်တွင် အခြားသူများနှင့် နားရက်လဲလှယ်ခွင့်ရှိသော်လည်း စက်ရုံ၊ ဆောက်လုပ်ရေး၊ ခြံလုပ်ငန်း စသည့် နေ့စားအလုပ်များတွင်မူ နာကျင်မှုဝေဒနာကို အံတု၍ အလုပ်ဆင်းနေရဆဲဖြစ်သည်။
နားလည်မှုရှိသည့် အလုပ်ရှင်အနည်းစုကမူ အလုပ်သမများ တောင်းခံလာသော ဓမ္မတာခွင့်ရက်ကို ခံစားခွင့် ပြုနေ သော်လည်း အရေအတွက် နည်းပါးသေးကြောင်း အလုပ်သမားအရေးကူညီနေသူအချို့က ဆိုသည်။
ဓမ္မတာရက်တွင် နာကျင်မှုကို ပြင်းထန်စွာခံစားရလေ့ရှိသည့် မဇင်၊ မခိုင်နှင့် မငယ်တို့ကမူ ထိုင်းအစိုးရထုတ်ပြန်ထားသည့် ဓမ္မတာခွင့်ရက်ကို အမြန်ဆုံး ခံစားခွင့်ရရန် လိုလားနေကြသည်။
ခွင့်ရက်ခံစားပြုကြောင်း ညွှန်ကြားစာထွက်ပြီး ရက်ပေါင်း ငါးရာကျော်သည်အထိ အကောင်အထည် မပေါ်သေးသဖြင့် စက္ကူကျားကဲ့သို့ဖြစ်ပြီး ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိကြောင်း မဇင်က ပြောသည်။
“အမျိုးသမီးတိုင်းဖြစ်တဲ့ကိစ္စကို သူတို့အနေနဲ့ ထည့်သွင်း စဉ်းစားစေချင်တယ်။ ဒီတော့ အားလုံးဝိုင်းပြီး တောင်းဆိုလိုက်ရင် အဆင်ပြေမယ် ထင်တယ်။ ကြာလာတော့ ပျောက်ကွယ်သွားတာမျိုး မဖြစ်စေချင်ဘူး” ဟု ၎င်းက ဆိုသည်။
ထိုင်းအမျိုးသမီးအဖွဲ့များအပါအဝင် အဖွဲ့ ၂၅ ဖွဲ့က ဓမ္မတာရက်တွင် နားရက်တစ်ရက် ခံစားခွင့်ပြုရန်၊ ကျောင်းနှင့် အလုပ်နေရာများတွင် လစဉ်သုံးပစ္စည်းများကို စီစဉ်ပေးရန်၊ မီးဖွားခွင့်ကို ၁၂၀ ရက်အထိ တိုးပေးရန် အပါအဝင် အချက် ၅ ချက်ကို နိုဝင်ဘာလ ၂၅ ရက်တွင် အလုပ်သမားဝန်ကြီးဌာနသို့ စာပို့တောင်းဆိုခဲ့သေးသည်။
ယင်းအပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဆန္ဒပြပွဲများတွင်လည်း အလုပ်သမများ၏ ဓမ္မတာခွင့်ရက်များအတွက် တောင်းဆိုမှုများ ရှိနေဆဲဖြစ်သည်။
သို့သော် ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ နည်းမျိုးစုံဖြင့် အခွန်ကောက်ရန် ကြိုးပမ်းနေသည့် မြန်မာစစ်အုပ်စုကမူ မြန်မာအလုပ်သမများ ဓမ္မတာခွင့်ရက် အမှန်တကယ် ခံစားခွင့်ရေး တစ်စုံတစ်ရာပင် ထုတ်ဖော်ပြောဆိုသည်ကို မတွေ့ရပေ။
ထိုင်းအစိုးရကလည်း ညွှန်ကြားချက်သာ ထုတ်ပြီး ဖိဖိစီးစီး အကောင်အထည် မဖော်သဖြင့် မြန်မာအလုပ်သမတို့ ခွင့်ရက် ခံစားခွင့်မှာ မစားရ ဝခမန်း၊ မျှော်တိုင်းဝေးနေဆဲပင်ဖြစ်သည်။
အလုပ်ဖြုတ်ခံရမည်ကို စိုးရိမ်သည့် မဇင်၊ မခိုင်တို့ ကဲ့သို့ မြန်မာအလုပ်သမ သန်းနှင့်ချီအဖို့ ပြင်းထန်စွာနာကျင်မှုဒဏ်ကို အံကြိတ်လျက် ရာသီချိန်ရောက်တိုင်း အလုပ်ဆင်းနေရပေဦးမည်။






