ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားသော နိုင်ငံတကာကျောင်း (international school) တစ်ကျောင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား ဆရာ၊ ဆရာမ ၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၃၀ ရက်က ဘန်ကောက်မြို့ ပရီဒီဘနိုမြောင်းနယ်မြေရှိ နိုင်ငံတကာကျောင်းကို လဝကရဲတပ်ဖွဲ့နှင့် အလုပ်သမားရုံး တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့သည်။
ကျောင်းကို တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားပြီး နိုင်ငံခြားသား ဆရာ၊ ဆရာမများကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ခန့်ထားသည်ဟု တိုင်ကြားချက်ရရှိသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဥပဒေအရ လိုင်စင်မရှိဘဲ ကျောင်းဖွင့်လှစ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါကျောင်းကို ဖွင့်လှစ်ထားသည်မှာ ၅ နှစ်ကျော်ပြီဖြစ်ပြီး မူကြိုမှ အထက်တန်းအဆင့်အထိ ကျောင်းသားပေါင်း ၁၀၀ ကျော်ကို လက်ခံသင်ကြားနေကြောင်း သတင်းများတွင် ဖော်ပြသည်။

တရားဝင် ခွင့်ပြုချက် စာရွက်စာတမ်းမရှိဘဲ သင်ကြားနေသော မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသား ဆရာ၊ ဆရာမ ၆ ဦးကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး ခလောတန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသည့် ဆရာ ခြောက်ဦးအနက် မြန်မာနိုင်ငံသား မည်မျှပါဝင်သည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မတွေ့ရပေ။
အဆိုပါ ဆရာ၊ ဆရာမများကို အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်မှုနှင့် နေထိုင်ခွင့် ဗီဇာကျော်လွန်မှုများဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ဆိုသည်။
ကျောင်းတည်ထောင်သူကိုလည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိသော နိုင်ငံခြားသားများကို အလုပ်ခန့်ထားမှုနှင့် လိုင်စင်မရှိဘဲ ကျောင်းဖွင့်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Bangkok Post, MGR Online






