ထိုင်းနိုင်ငံ၊ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၉၀ ကျော်ကို ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ကော့သောင်းမြို့သို့ နေရပ်ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရနောင်းမြို့ လဝကထံမှ သိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၇၉ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း ၉၅ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာအာဏာပိုင်များထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယခုပြန်ပို့မှုမှာ ၂၀၂၆ ခုနှစ်အတွင်း ၁၀ ကြိမ်မြောက်ဖြစ်ပြီး အာဏာပိုင်များထံသို့ ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၈၆၀ ဦးအထိ ရှိလာပြီဖြစ်သည်။
ဇန်နဝါရီလတွင် နှစ်ကြိမ် (၁၆၈ ဦး)၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ် (၁၂၈ ဦး)၊ မတ်လတွင် နှစ်ကြိမ် (၁၉၃ ဦး)၊ ဧပြီလတွင် (၇၈ ဦး)၊ မေလတွင် နှစ်ကြိမ် (၁၉၈ ဦး) နှင့် ဇူလိုင်လတွင် (၉၅ ဦး) အသီးသီး ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
ပြီးခဲ့သော ဇွန်လတွင် ရနောင်းမှ ကော့သောင်းသို့ မြန်မာနိုင်ငံသား လွှဲပြောင်းမှုမရှိခဲ့သလို မလွှဲပြောင်းခဲ့သည့် အကြောင်းအရင်းကိုလည်း သိရှိရခြင်း မရှိသေးပေ။ ၂၀၂၄ ခုနှစ်အတွင်းကလည်း နှစ်လဆက်တိုက် လွှဲပြောင်းမှု မရှိခဲ့ပေ။
ပြီးခဲ့သော ၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ ပြန်လည်ပို့ဆောင်မှု ၁၆ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း ၂,၀၇၂ ဦးအထိ ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂,၀၀၅ ဦးကို လွှဲပြောင်းခဲ့သည်။
ထိုင်းနိုင်ငံဘက်မှ ကော့သောင်းဘက်သို့ ပြန်လည်ရောက်ရှိလာသူများကို စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်း စုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်းစုဆောင်းခံရရာမှ ထွက်ပြေးလွတ်မြောက်လာသူများနှင့် ကော့သောင်းဒေသခံများထံမှ သိရသည်။






