သတိပေးချက်
July 3, 2026

ချွန်ဘူရီတွင် ပွဲစားများအပါအဝင် မြန်မာလုပ်သားရှစ်ဦး ဖမ်းဆီးခံရ

July 3, 2026

July 3, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ပွဲစားအဖြစ် လုပ်ကိုင်နေသူ မြန်မာနှစ်ဦးနှင့် မြန်မာအလုပ်သမား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ချွန်ဘူရီခရိုင် အလုပ်သမားရုံးဝန်ထမ်းများက ဇူလိုင်လ ၂ ရက်တွင် စီရာချာနှင့် လတ်ချဘန်ဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေးစီမံချက်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။

စီရာချာဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးဦး၊ ကမ္ဘောဒီးယားအလုပ်သမား နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့သည် တားမြစ်ထားသော အလုပ်များဖြစ်သည့် ဆံပင်ညှပ်၊ အလှပြင်ဆိုင်၊ ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်နှင့် စားသောက်ဆိုင်များတွင် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေကြကြောင်း ဆိုသည်။

လတ်ချဘန်ဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား တစ်ဦး၊ လာအိုနိုင်ငံသား လေးဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့သည် ဈေးရောင်းသူများဖြစ်ကြောင်း ဆိုသည်။

ချွန်ဘူရီခရိုင် နိုင်ငံခြားသား အလုပ်လုပ်ခွင့်လက်မှတ် ဝန်ဆောင်မှုစင်တာတွင် ပွဲစားအဖြစ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြစ် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၁၆ ဦးကို ချွန်ဘူရီ၊ လတ်ချဘန်ရဲစခန်းများသို့ ခေါ်ဆောင်ခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံတစ်ဝန်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးနှိမ်နှင်းရေးအတွက် စီမံချက်ဖြင့် ဆောင်ရွက်နေပြီး မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုသည် ဆက်တိုက်ရှိလာနေသည်။

Ref: Thai News, Siam News, Chon Buri News