သတိပေးချက်
September 21, 2026

မလေးရှားတွင် မြန်မာတစ်ရာကျော်စစ်ဆေးခံရပြီး ၁၆ ဦး ဖမ်းဆီးခံရ

October 3, 2023

October 3, 2023

မလေးရှားနိုင်ငံ မလက္ကာပြည်နယ်တွင် မြန်မာအလုပ်သမား ၁၀၀ ကျော် စစ်ဆေးခံရပြီး အထောက်အထားမရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၆ ဦးကို ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များသည် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမှ ၅ နာရီအထိ Melaka Sentral အနီး ဈေးဆိုင်များရှိ နိုင်ငံခြားသား ၂၀၀ နီးပါးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

စစ်ဆေးခံရသူများတွင် မြန်မာနိုင်ငံသား ၁၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၈ ဦး၊ နီပေါနိုင်ငံသား ၁၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးနှင့် ပါကစ္စတန်နိုင်ငံသား သုံးဦးတို့ ပါဝင်ကြောင်း ဖော်ပြသည်။

၎င်းတို့အနက် အထောက်အထား မရှိဘဲ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၆ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခုနစ်ဦးတို့ကို တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၀ မှ ၄၀ ကြားအရွယ်များဖြစ်ကြကြောင်း ဆိုသည်။

ကျန်ရှိသူများသည် ဈေးဝယ်လာသူများနှင့် တရားဝင်အထောက်အထား work permit ရှိသူများဖြစ်သဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း‌ ရေးသားထားသည်။

အဝေးပြေးယာဉ်လိုင်းအတွင်းနှင့် ပတ်ဝန်းကျင်ရှိ ဈေးဆိုင်များတွင် နိုင်ငံခြားအလုပ်သမားများစွာ တရားမဝင် ဝင်ရောက်ကာ စုပြုံနေထိုင်လုပ်ကိုင်နေမှုကို ထိန်းချုပ်ရန်အတွက် ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းဖြစ်ကြောင်း အာဏာပိုင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးထားသူများကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေအတိုင်း တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: The Star, Sinar Harian