သတိပေးချက်
September 22, 2026

ကန်ချနဘူရီတွင် တရားမဝင် မြန်မာနိုင်ငံသား တစ်ရာနီးပါးဖမ်းဆီးခံရ

March 4, 2024

March 4, 2024

၆ ဘီးကားပေါ်လိုက်ပါလာသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၉၄ ဦးကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ယမန်နေ့ (မတ် ၃) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နံနက် ၈ နာရီအချိန်ခန့်တွင် ကန်ချနဘူရီခရိုင် ထုန်းဖားဖမ်းဒေသရှိ စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းသွားသော ၆ ဘီးတပ် ကုန်တင်ကားတစ်စီးကို မသင်္ကာသဖြင့် အာဏာပိုင်များ နောက်ကလိုက်လံစစ်ဆေးရာမှ လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၃၁ ဦးနှင့် ကလေးငယ် ၅ ဦး စုစုပေါင်း ၉၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။

အာဏာပိုင်များ လာရောက်စစ်ဆေးချိန်တွင် ကားသမားက ထွက်ပြေးသွားပြီး ကားနှင့်အတူ မြန်မာနိုင်ငံသားများကို ပစ်ထားခဲ့သဖြင့် ဖမ်းခံရခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။

အားလုံးသည် ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နိုင်ရန် ပွဲစားအသီးသီးကို ငွေပေးချေထားပြီးဖြစ်ကြောင်း ထွက်ဆိုထားဟုသိရသည်။

ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ထုန်းဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရသူ အနည်းဆုံး ၅၀၉ ဦးထက်မနည်း ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

Ref: Kanchanaburi News, Thairath, Khaosod Online