ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့၊ ဘန်ဂျိုးဒေသရှိ မြန်မာအလုပ်သမားနေထိုင်သည့် အဆောင် မီးလောင်မှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ ဒုက္ခရောက်နေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
ယနေ့ ဇွန်လ ၅ ရက် နံနက် (ဇွန်လ ၄ရက် ည ၁၂နာရီ ၁၅မိနစ်) ဘန်ဂျိုးဒေသရှိ DCM ဆောက်လုပ်ရေး အလုပ်သမားအဆောင် မီးလောင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် မြန်မာအလုပ်သမား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
မြန်မာအလုပ်သမားများ အိပ်မောကျနေသောအချိန်တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခြင်းဖြစ်ကြောင်း အဆောင်နေ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
“အကုန်လုံး အိပ်နေတဲ့ အချိန်မှာ မီးလောင်တာဆိုတော့ ငြှိမ်းတောင် မနိုင်တော့ဘူး။ နောက်ဆုံး လူတွေပဲ ထွက်ပြေး လိုက်ရတာပေါ့။ မီးသတ်ကား လာတဲ့အချိန်က မီးက တော်တော်များနေပြီ။ အသုံးအဆောင်ပစ္စည်းတွေလည်း ဘာမှ မကျန်တော့ဘူး။ အကုန်ပြာကျသွားပြီ” ဟု ၎င်းက ပြောဆိုသည်။

မီးသတ်တပ်ဖွဲ့က ၂ နာရီကြာ ငြှိမ်းသတ်ခဲ့ပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
လက်ရှိတွင် မီးဘေးဒဏ်သင့်သည့် မြန်မာအလုပ်သမားများသည် ချွန်ထူရီဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်နေကြပြီး မြန်မာအလုပ်သမားအဖွဲ့များနှင့် ထိုင်းပရဟိတအဖွဲ့များက အစားအသောက်များ ကူညီပေးနေကြောင်း မြန်မာအလုပ်သမားက ပြောသည်။






