သတိပေးချက်
September 21, 2026

အယုဒ္ဓယတွင် တရားမဝင် လာသော မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

May 7, 2026

May 7, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မေလ ၆ ရက်က အယုဒ္ဓယခရိုင် မဟာရတ်ဒေသ အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် အလေးချိန် ပိုမိုတင်ဆောင်လာသည့် တိုယိုတာအိမ်စီးကားတစ်စီးကို တွေ့ရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ကားကို အသက် ၃၄ နှစ်အရွယ် ကိုကျော်သက် ဆိုသူ မောင်းနှင်လာပြီး ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၃ ဦးကို တွေ့ရှိရကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ကားသမားနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို မဲဆောက်-ဘန်ကောက် လမ်းရှိ နခွန်စဝမ်ခရိုင်မှတစ်ဆင့် ဘန်ကောက်သို့ ပို့ဆောင်ပေးရန် အခြားမြန်မာနိုင်ငံသားတစ်ဦးက ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ပေးခအနေဖြင့် ၁၀,၈၀၀ ဘတ် ရရှိမည်ဖြစ်သည်ဟု ကားသမားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများသည် မဲဆောက်သို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် လှေစီး၍ ဝင်ရောက်လာခဲ့ပြီး ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားများကို တစ်ဦးစီလျှင် ဘတ် ၁၂၀၀၀ ပေးချေပြီးဖြစ်ကြောင်း ဖြေကြားထားသည်။

ကားသမား ကိုကျော်သက် အား တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ပေးမှုဖြင့် အမှုဖွင့်ခဲ့ပြီး မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်၍ အားလုံးကို အယုဒ္ဓယခရိုင်၊ မဟာရတ်မြို့ ရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော ဧပြီလက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ ရကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

Ref: MGR Online, Workpoint 23