သတိပေးချက်
June 8, 2026

ချွန်ဘူရီရှိ ဆောက်လုပ်ရေးတွင် အမြင့်က ပြုတ်ကျသည့် မြန်မာလုပ်သားတစ်ဦး ဆေးကုသခွင့်မရဘဲသေဆုံး

June 8, 2026

June 8, 2026
ပုံစာ - ကိုလှိုင်မြင့်

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာအလုပ်သမားတစ်ဦး အလုပ်လုပ်နေစဉ် အမြင့်က ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရသော်လည်း ဆေးကုသခွင့် မရသဖြင့် သေဆုံးကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖနတ်နိခွန်ဒေသတွင် အသက် ၂၉ နှစ်အရွယ် ကိုလှိုင်မြင့်သည် တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေရင်း အမြင့်က ပြုတ်ကျခဲ့သည်။

ကိုလှိုင်မြင့်ကို ဆေးရုံသို့ ပို့ဆောင်းပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံသားတစ်ဦးက ကားဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

သို့သော်လည်း ဆေးရုံသို့ လုံးဝ ပို့ဆောင်ခဲ့ခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ခဲ့ပြီး ည ၇ နာရီခန့်တွင် အလောင်းကို မီးသင်္ဂြိုဟ်ပြီးဖြစ်သည်ဟု မိသားစုဝင်များထံ အကြောင်းကြားလာခဲ့ကြောင်း WAG အဖွဲ့မှ ကိုမုန်တိုင်းက ပြောသည်။

“အလုပ်ထဲက သူ့မိသားစုဝင်တွေကလည်း ဆေးရုံကို ခေါ်သွားတယ်ပဲ ထင်နေတာ။ ဆေးရုံလည်း မရောက် ဆေးကုသခွင့်လည်း မရဘဲ သင်္ဂြိုဟ်ပြီးတဲ့အချိန်မှ မိသားစုဝင်တွေဆီ ဖုန်းဆက်လာတာ။ လာယူကတည်းက သေသွားပြီဆိုပြီးတော့။ ပြုတ်ကျတဲ့ အချိန် အသက်ရှိသေးတယ်ဆိုတာ အလုပ်သမားတွေလည်း မြင်သလို ဗီဒီယိုဖိုင်တွေလည်း ရှိတယ်” ဟု ကိုမုန်တိုင်းက ပြောဆိုသည်။

ရုပ်အလောင်းကို မိသားစုဝင်များ၏ ဆန္ဒမပါဘဲ သင်္ဂြိုလ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုလှိုင်မြင့်သည် ယင်းဆောက်လုပ်ရေးလုပ်ငန်းတွင် ၂ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ် စာရွက်စာတမ်း ပြည့်စုံသူဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

ကိုလှိုင်မြင့်သည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ အရာတော်ကျေးရွာဇာတိဖြစ်ကြောင်း သိရသည်။

ကိုလှိုင်မြင့် သေဆုံးမှုနှင့် ပတ်သက်၍ မိသားစုဝင်များက WAG အဖွဲ့ထံ လာရောက် အကူအညီတောင်းခံခဲ့သဖြင့် မိသားစုဝင်များနှင့်အတူ ဇွန်လ ၇ ရက်တွင် ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က နှစ်ဖက်စလုံးကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး အလုပ်ရှင်ကလည်း နစ်နာကြေးနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။