သတိပေးချက်
July 8, 2026

ထိုင်းတွင် အငှားယာဉ်မောင်းကို မျက်စိကွယ်သည်အထိ ထိုးသည်ဆိုပြီး မြန်မာတစ်ဦး ဖမ်းဆီးခံရ

July 8, 2026

July 8, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၆၁ နှစ်အရွယ် ထိုင်းနိုင်ငံသား အငှားယာဉ်မောင်းကို မျက်စိတစ်ဖက် ကွယ်သည်အထိ ထိုးနှက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၂၆ နှစ်အရွယ် ကိုသန့်ဇင်ဝင်း ကို ချွန်ဘူရီခရိုင်ရှိ ဟိုတယ်တစ်လုံးတွင် ဇူလိုင်လ ၃ ရက်က ဘန်းကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ဧပြီလ၁၂ရက်က မြန်မာနိုင်ငံသား ၅ ဦးသည် အငှားယာဉ် (တက္ကစီ) စီးနင်းကြစဉ် ယာဉ်ငှားခ ပေးချေသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းယာဉ်မောင်းနှင့် စကားများခဲ့ကြကြောင်း ဖော်ပြသည်။

ဘန်ကောက်မြို့ မော်ချစ်ကားဝင်းမှ စမွတ်ပရကန်ကို ကားငှါးစီးကြစဉ် အမြန်လမ်းအသုံးပြုခ ဘတ် ၅၀ ပိုတောင်းသည့်ကိစ္စနှင့် ပတ်သက်၍ စကားများခြင်းဖြစ်ပြီး ကိုသန့်ဇင်ဝင်းက ယာဉ်မောင်း၏ မျက်နှာကို လက်သီးဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်းထိုးကြိတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူတွင် ညာဘက်မျက်စိတစ်ဖက် ကွယ်ခဲ့ပြီး ခေါင်းကိုက်၍ နှာခေါင်းသွေးယိုနေဆဲဖြစ်ကြောင်း ဆိုသည်။

ယင်းဒဏ်ရာများကြောင့် ထိုင်းယာဉ်မောင်းသည် ကားမောင်းသည့်အလုပ်ကို ပြန်မလုပ်နိုင်တော့ဘဲ မသန်စွမ်းအဖြစ် မှတ်ပုံတင်ခဲ့ရကြောင်း ဖော်ပြသည်။

ယာဉ်မောင်းက ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သော်လည်း အမှုအခြေအနေ တိုးတက်မှုမရှိသဖြင့် အဖွဲ့အစည်းတစ်ခုထံ အကူအညီတောင်းခံခဲ့ကြောင်း‌ ဆိုသည်။

ယင်းအဖွဲ့အစည်းက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ကိုသန့်ဇင်ဝင်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူကလည်း ဖြစ်စဉ်ကို ဝန်ခံခဲ့ပြီး ထိုင်းယာဉ်မောင်းက မလေးမစား ဦးစွာပြောဆိုခဲ့သည်ဟု ထွက်ဆိုကြောင်း ဖော်ပြသည်။

အခြားသူအား အပြင်းအထန် ဒဏ်ရာရစေမှုဖြင့် ကိုသန့်ဇင်ဝင်း ကို အမှုဖွင့်ထားပြီး အမှုနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: CH 7, CH 8, Thairath