သတိပေးချက်
September 22, 2026

မြန်မာများ ထိုင်းတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှု နှစ်ဆခွဲကျော်မြင့်တက်၊ ဒုတိယအများဆုံး ဝယ်ယူသူဖြစ်

January 10, 2025

January 10, 2025
ပုံစာ - ဘန်ကောက်က ကွန်ဒိုတိုက်ခန်းများ (Khaosod)

၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုသည် ပြီးခဲ့သောနှစ်ကထက် နှစ်ဆခွဲကျော် မြင့်တက်လာပြီး ဒုတိယအများဆုံး ဝယ်ယူသူဖြစ်လာကြောင်း Bangkok Post သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သောနှစ် ဧပြီလတွင် မြန်မာစစ်ကောင်စီက ထိုင်းနိုင်ငံတွင်း ကွန်ဒိုတိုက်ခန်းဝယ်ယူသူများကို ဖိနှိပ်ရန် ကြိုးပမ်းခဲ့စဉ် ခေတ္တငြိမ်သက်သွားခဲ့ပြီး နောက်ပိုင်းလများတွင် ပြန်မြင့်တက်လာခြင်းဖြစ်ကြောင်း ထိုင်းကွန်ဒိုရောင်းဝယ်ရေးအသင်းမှ ခေါင်းဆောင် Mr Surachet Kongcheep က ပြောသည်။

၂၀၂၄ ခုနှစ် ပထမကိုးလတာအတွင်း မြန်မာနိုင်ငံသားများသည် ကွန်ဒိုတိုက်ခန်း ၁၀၅၀ ခန်း ဝယ်ယူခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၅ ဒသမ ၄၆ ဘီလီယံအထိ ရှိခဲ့ကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ် ပထမကိုးလတွင် မြန်မာနိုင်ငံသားများသည် ကွန်ဒိုတိုက်ခန်း ၃၄၇ ခန်းထက်မနည်း ဝယ်ယူခဲ့ပြီး တန်ဖိုး ဘတ် ၂ ဒသမ ၂၅ ဘီလီယံသာ ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံသားများသည် ကွန်ဒိုတိုက်ခန်း ၅၆၄ ခန်း ဝယ်ယူခဲ့ပြီး တန်ဖိုး ဘတ် ၃ ဒသမ ၇ ဘီလီယံ ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ကွန်ဒိုတိုက်ခန်း ၃၄၉ ခန်း ဝယ်ယူခဲ့ပြီး တန်ဖိုး ဘတ် ၂ ဒသမ ၅၅ ဘီလီယံသာရှိခဲ့သဖြင့် နောက်ပိုင်းနှစ်များတွင် ကွန်ဒိုဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ပထမကိုးလတာအတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးသည် တရုတ်နိုင်ငံသားများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

တရုတ်နိုင်ငံသားများသည် ကွန်ဒိုတိုက်ခန်း ၄၃၈၆ ခန်း ဝယ်ယူခဲ့ပြီး တန်ဖိုး ဘတ် ၂၀ ဒသမ ၂ ဘီလီယံ အထိ ရှိခဲ့သည်။

၂၀၂၃ ခုနှစ်က ထိုင်းတွင် ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု ပထမ၊ ဒုတိယနှင့် တတိယ အများဆုံးနေရာတွင် တရုတ်၊ ရှရှားနှင့် အမေရိကန်တို့ ရှိခဲ့ပြီး မြန်မာနိုင်ငံသားများမှာ စတုတ္ထနေရာတွင်သာ ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ရုရှားနှင့် အမေရိကန်ကို ကျော်တက်ကာ ဒုတိယအများဆုံး ဖြစ်လာခြင်း ဖြစ်သည်။

ဝယ်ယူမှုအများဆုံးနေရာများတွင် ဘန်ကောက်နှင့် ပတ္တယားကမ်းခြေရှိသော ချွန်ဘူရီခရိုင်များတွင် ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်လိုအားသည် သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။