သတိပေးချက်
September 22, 2026

ဘန်ကောက်တွင် မြန်မာလုပ်သားထံမှ ရွှေဆွဲကြိုးအလစ်သုတ်သည့် ထိုင်းတစ်ဦး ဖမ်းဆီးခံရ

March 11, 2025

March 11, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခွန်ထီယမ်နယ်မြေတွင် ညအချိန် မြန်မာနိုင်ငံသားတစ်ဦးထံမှ ရွှေဆွဲကြိုးအလစ်သုတ်၍ ထွက်ပြေးသွားသော ထိုင်းနိုင်ငံသားတစ်ဦးကို ညတွင်းချင်း ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၁၀ရက်နေ့ ည ၇ နာရီခန့်က ကိုမောင်ရဲအမည်ရှိ မြန်မာအလုပ်သမားသည် ဖလန်ဆောင်လမ်းသွယ်ထဲသို့ ဝင်စဉ် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးတစ်ကုံးကို လူတစ်ဦးက အလစ်သုတ်၍ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားသည် ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သူဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ထံ ဖြစ်စဉ်နှင့် လူပုံသဏ္ဍာန်ကို ပြောဆိုနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့များက အနီးအနားကို ဖြန့်၍ ရှာဖွေစစ်ဆေးစဉ် ညတွင်းချင်းပင် အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို ရွှေဆွဲကြိုးနှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။

ရွှေဆွဲကြိုးသည် ကာလပေါက်ဈေး ဘတ် လေးသောင်းကျော် တန်ဖိုးရှိကြောင်းဆိုသည်။

အလစ်သုတ်ခဲ့သူကို ဘန်ခွန်ထီယမ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ခိုးမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Matichon Online, Siamrath