သတိပေးချက်
September 22, 2026

ဗီဇာသက်တမ်းကုန် မြန်မာများ၏ ကရူထိုင်း (Krungthai) ဘဏ်အကောင့်အချို့ ယာယီဆိုင်းငံ့ခံရ

March 11, 2025

March 11, 2025
ပုံစာ - ဘန်ကောက်ရှိ ကရူထိုင်းဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်။

အလုပ်လုပ်ခွင့်လက်မှတ် (work permit) ဗီဇာသက်တမ်းကုန်နေသော မြန်မာနိုင်ငံသားများ၏ ကရူထိုင်း (Krungthai) ဘဏ်အကောင့်အချို့ အသုံးပြုခွင့် ယာယီဆိုင်းငံ့ခံနေရကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရသည်။

၂၀၂၂နှင့် ၂၀၂၃ ခုနှစ်တွင် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ၏ ဗီဇာသက်တမ်းသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက ကုန်ဆုံးနေပြီဖြစ်သည်။

မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရက အချိန်မီ ဗီဇာမတိုးပေးဘဲ နေထိုင်ခွင့် ၆ လ သက်တမ်းသာ ထပ်တိုး ပေးထားသည်။

နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် သက်တမ်းတိုးလုပ်ငန်းစဉ်ကို ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ရာ အချိန် မလုံလောက်သဖြင့် အချိန်မီ သက်တမ်းတိုး မပေးနိုင်သေးကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ယင်းအချိန် မြန်မာအလုပ်သမားများ၏ မိုဘိုင်းဖုန်းထဲက ကရူထိုင်းဘဏ်အကောင့်အချို့ ဆက်လက် အသုံးပြု၍ မရတော့ပဲ ယာယီပိတ်သိမ်းခံနေရကြောင်း အလုပ်သမားများထံမှ သိရသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကရူထိုင်းဘဏ်အကောင့် Log out ပြုလုပ်ခံလိုက်ရပြီး ATM ကတ်နှင့် Mobile Banking များ ဆက်လက် အသုံးပြု၍ မရတော့ကြောင်း ရနောင်းရှိ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“(Krungthai) ဘဏ်အကောင့်က ချက်ချင်း log out ဖြစ်သွားတယ်။ ပြန်ဝင်လို့ မရတော့ဘူး။ ဘဏ်ထဲ ငွေရှိနေသေးတော့လေ ATM ကနေ သွားထုတ်တယ်။ ထုတ်လို့မရတော့ဘူး။ ဒါကြောင့် ဘဏ်ခွဲအထိ သွားပြောပြတယ်။ သူတို့လည်း ဗီဇာသက်တမ်းကုန်နေလို့ ဆက်ဖွင့်ပေးလို့ မရဘူးပြောတယ်” ဟု ရနောင်းရှိ မြန်မာအလုပ်သမားက ဆိုသည်။

Mobile Banking နှင့် ATM ကတ်များ အသုံးပြု၍ မရတော့သဖြင့် သက်ဆိုင်ရာ ဘဏ်ခွဲနှစ်ခုအထိ သွားရောက်မေးမြန်းရာ work permit ဗီဇာမရှိတော့သဖြင့် ပြန်ဖွင့်ပေး၍ မရသေးဟု ဘဏ်ဘက်က ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဘဏ်မန်နေဂျာကတစ်ဆင့် ပြောပြရာတွင်လည်း Mobile Banking နှင့် ATM ကတ်များ ဆက်လက်အသုံးပြုခွင့် မရခဲ့ပဲ ဘဏ်အကောင့်ထဲက လက်ကျန်ငွေကိုသာ ထုတ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

သက်တမ်းကုန် မြန်မာအလုပ်သမားများ၏ ကရူထိုင်းဘဏ်အကောင့်အချို့ အသုံးပြုခွင့် ဆိုင်းငံ့ခံရမှုများသည် ပြီးခဲ့သော ဖေဖော်ဝါရီလ သက်တမ်းကုန်ချိန်ကတည်းက ကြုံတွေ့နေကြရကြောင်း မြန်မာအလုပ်သမာများက ပြောသည်။

ဖုန်းထဲက Mobile Banking ပြန်ဝင်၍ မရသည့်အချိန် သက်ဆိုင်ရာ ဘဏ်ခွဲသို့ သွားရောက်မေးမြန်သောအခါ ဗီဇာသက်တမ်းကုန်နေသဖြင့် ငွေလွှဲ ငွေထုတ် မရနိုင်ဟု ဘဏ်ဘက်က ပြန်လည်ပြောဆိုခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဘန်ကောက်က မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“သက်တမ်းတိုးပြီးမှ ဝန်ဆောင်မှု ပြန်လည်ရရှိမယ်တဲ့။ ဘဏ်ဘက်ကတော့ အဲလိုပြောတယ်” ဟု ဘန်ကောက်က မြန်မာအလုပ်သမားက ဆိုသည်။

သို့သော်လည်း ကရူထိုင်းဘဏ်က ယင်းသို့လုပ်ဆောင်မည်ဆိုသည်ကို အသိပေးကြေညာထားခြင်း မရှိသလို သက်တမ်းကုန် မြန်မာအလုပ်သမားအားလုံး ယင်းဖြစ်စဉ် ကြုံတွေ့ရခြင်းမျိုးလည်း မဟုတ်ပေ။

အချို့မြန်မာအလုပ်သမားများက သက်တမ်းကုန်နေသော်လည်း Mobile Banking ပြန်လည် ဝင်ရောက် အသုံးပြုနိုင်သေးကြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“Mobile Banking က သူ့ဘာသာ Log out ဖြစ်သွားပြီး update တောင်းလာတယ်။ update တင်ပြီး ပြန်ဝင်တာ ကျွန်မဖုန်းတော့ ပြန်ရသွားတယ်ရှင်။ ကျွန်မသူငယ်ချင်းတော့ မရတော့ဘူး” ဟု နောက်ထပ် မြန်မာအလုပ်သမားက ဆိုသည်။

လက်ရှိတွင် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်နှင့် True Money အကောင့်များ အသုံးပြုခွင့် ဆိုင်းငံ့ခံနေရသဖြင့် လက်ကျန်ငွေများ ကြိုတင်ထုတ်ထားကြရန် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက တိုက်တွန်းထားသည်။