သတိပေးချက်
June 11, 2026

ဘန်ကောက်တွင် မြန်မာအမျိုးသမီး အခန်းထဲ ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံး

June 11, 2026

June 11, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးသည် အခန်းထဲ တစ်ဦးတည်း နေထိုင်နေစဉ် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘန်ခွန်ထီယမ်နယ်မြေ ထာ့ခရမ်းဒေသရှိ အခန်းထဲတွင် ဇွန်လ ၁၀ ရက်က အသက် ၃၅ နှစ်အရွယ် မအိမွန်ထွေးသည် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က အလောင်းကို စစ်ဆေးရာ ချွန်ထက်သော အရာဖြင့် လည်ပင်း၊ ရင်ဘတ်နှင် ဝမ်းဗိုက်များကို ထိုးသွင်းခံထားရကြောင်း ဖော်ပြသည်။

အလောင်းသည့် ပုပ်ပွနေပြီဖြစ်သဖြင့် လွန်ခဲ့သော နှစ်ရက်ခန့်က သေဆုံးခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

အလောင်းအနီးတွင် တွေ့သည့် သွေးစွန်းနေသည့် ခြေရာများသည် အခန်းအနောက်တံခါးသို့ ဦးတည်နေသဖြင့် တရားခံ လူသတ်မှု ကျူးလွန်ပြီးနောက် ထွက်ပြေးသွားသည့် လမ်းကြောင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သေဆုံးသူသည် အဆိုပါအခန်းတွင် တစ်ဦးတည်း နေထိုင်သည်မှာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး ယခင်က အကြိမ်ရေများစွာ သူခိုး အခိုးခံရဖူးကာ ငွေသားနှင့် ဖုန်းများ ပျောက်ဆုံးဖူးကြောင်း အခန်းပိုင်ရှင်က ပြောသည်။

အခန်းထဲမှ အနံအသက်များ ထွက်လာသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက အခန်းထဲ ဝင်ကြည့်စဉ် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်သည်။

သေဆုံးသူသည် အနီးရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဇွန်လ ၈ ရက်က သူမကို နောက်ဆုံးတွေ့ခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

Ref: FM 91, Khaosod, Daily News