သတိပေးချက်
September 22, 2026

ကလေးငယ်များအပါအဝင် တရားမဝင်မြန်မာအလုပ်သမားနှစ်ဆယ်ကျော် ထိုင်းမြောက်ပိုင်းတွင် အဖမ်းခံရ

January 14, 2023

January 14, 2023

ကလေးငယ်များအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား နှစ်ဆယ်ကျော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ဇန်နဝါရီလ ၁၃ ရက် ညက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများက  ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ရှိ ရွှေတြိဂံဒေသ နမ့်ဟုတ်မြစ်ကိုဖြတ်၍ အုပ်စုလိုက်လမ်းလျှောက်ဝင်ရောက်လာသည်ကို သတင်းရရှိခဲ့သဖြင့် နယ်ခြားစောင့်တပ်က သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။

ထိုသို့စစ်ဆေးရာတွင် ကလေးငယ် ၇ ဦးအအပါအဝင် စုစုပေါင်း ၂၂ ဦးကို တွေ့ရှိရပြီး ၎င်းတို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။

ကလေးငယ် ၇ ဦးအပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦးနှင့်အတူ လမ်းပြကူညီသူ ၂ ဦး ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အဆိုပါ မြန်မာအလုပ်သမားများသည် ရှမ်းပြည်နယ် တာချီလိတ်ခရိုင်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ချင်းစယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၁ တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှာမူ တရားဝင်ဖွင့်လှစ်ခြင်း မရှိသေးပေ။

Ref: MGR Online, Ban Muang