ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာအမျိုးသမီး ၇ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နယ်စပ်တစ်လျှောက် လူမှောင်ခိုပို့ဆောင်မှုနှင့် မူးယစ်ဆေးဝါးသယ်ယူမှုများကို နှိမ်နင်းဖမ်းဆီးနိုင်ရန်အတွက် နယ်ခြားစောင့်တပ်များက ကင်းလှည့်နေစဉ် မေလ ၁၃ ရက်နေ့ ညနေပိုင်းက ထာ့ဆိုင်လို့ဒေသ ကျကိုဝါစက်ရုံအနောက်ဘက်တွင် မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီး ၇ ဦးသည် အသက် ၁၈ နှစ်မှ ၃၆ နှစ်အရွယ်များ ဖြစ်ပြီး နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဟုဆိုသည်။

ထို့ကြောင့် အားလုံးကို မဲဆောက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်ထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို အဆင့်သုံးဆင့်ဖြင့် အမြစ်ပြတ် နှိမ်နင်းသွားမည်ဟု ရဲတပ်ဖွဲ့က သတိပေးထားသလို နယ်စပ်တစ်လျှောက်ကို တင်းတင်းကျပ်ကျပ် ကင်းလှည့်စောင့်ကြည့်နေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
Ref: Maesot News, Tak Govonor






