ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးသည် စလော့ဂိမ်းဆော့ပြီး ငွေကုန်သွားသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၁၄ ရက်နေ့က ချွန်ဘူရီမြို့ ဖန်ထောဒေသတွင် ထိုင်းနိုင်ငံသားတစ်ဦး တောထဲ ဝင်လာစဉ် သစ်ပင်ကြီးပေါ်တွင် အဆုံးစီရင်ပြီး သေဆုံးနေသော အလောင်းကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ဟုဆိုသည်။
သေဆုံးသူသည် အသက် ၂၁ နှစ်အရွယ် အောင်ထက်ဦးအမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ပြီးခဲ့သောနေ့က နေထိုင်ရာအခန်းမှ ပျောက်ဆုံးနေသူဖြစ်သည်။
အစ်ကိုဖြစ်သူက ပျောက်ဆုံးနေသော ညီဖြစ်သူကို ညလုံးပေါက် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ နောက်တစ်နေ့တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မသေဆုံးမီနေ့ နံနက်ပိုင်းက ညီဖြစ်သူနှင့်အတူ ပုံမှန်စကားပြောနေခဲ့ပြီးနောက် ညနေ ၅ နာရီ အလုပ်က ပြန်သောအချိန်တွင် ညီဖြစ်သူမှာ စလော့ဂိမ်းဆော့ရင်း အကောင့်ထဲရှိ ငွေအားလုံး ကုန်သွားခဲ့ကြောင်း အစ်ကိုဖြစ်သူက ရဲတပ်ဖွဲ့ထံ ပြောသည်။
ညီဖြစ်သူသည် စလော့ဂိမ်းဆော့ရင်း ငွေအားလုံး ဆုံးရှုံးသွားသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အခန်းမှ ထွက်သွားကြောင်း၊ ကနဦးတွင် ညီဖြစ်သူသည် စိတ်ပြေလက်ပျောက် သူငယ်ချင်းများထံသို့ သွားရောက်လည်ပတ်နေသည်ဟု ယူဆခဲ့ကြောင်း အစ်ကိုဖြစ်သူက ပြောသည်။
ရဲတပ်ဖွဲ့က အလောင်းကို ဖန်ထောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးမှုအတွက် ဆက်လက်စုံစမ်းကာ နောက်ပိုင်းတွင် မိသားစုထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းဖော်ပြထားသည်။
Ref: Khaosod, Chonburi News






