သတိပေးချက်
September 22, 2026

ထိုင်းတောင်ပိုင်းတွင် မြန်မာဟုယူဆရသည့် သတ်ဖြတ်ခံထားရသူ အလောင်း သုံးလောင်းတွေ့

March 16, 2023

March 16, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ချုံတောထဲရှိအမှိုက်ပုံတွင် အသတ်ခံထားရသော မြန်မာအလုပ်သမားများဟုယူဆရသည့် အလောင်း ၃ လောင်း တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဟတ်ယိုင်ဒေသနှင့် ဘန့်ကလန်းဒေသကြားရှိ လမ်းမကြီးနှင့် မီတာ ၂၀၀ အကွာရှိ စွန့်ပစ်အမှိုက်ပုံတွင် မတ်လ ၁၅ရက် နံနက် ၇ နာရီခွဲခန့်တွင် တွေ့ရှိခြင်းဖြစ်သည်။

အလောင်းများကို အဝတ်အစား၊ ဖျာနှင့် ပလတ်စတစ်အိတ်များဖြင့် ဖုံးထားသည်ကိုတွေ့ရပြီး ပြီးခဲ့သည့် နှစ်ရက်သို့မဟုတ် သုံးရက်ခန့်က သေဆုံးခဲ့သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြသည်။

အလောင်းတစ်လောင်းတွင် လက်နှင့် ခြေထောက်တို့ကို အဝတ်အစားဖြင့် ချည်ထားကာ လည်ပင်းတွင် ဒဏ်ရာတွေ့ရပြီး ကျန်နှစ်ဦးမှာ ရိုက်နှက်ခံရပြီးသေဆုံးခဲ့သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

သေဆုံးရသည့်ကြောင်းအရင်းကို အသေးစိတ်သိရှိနိုင်ရန်အတွက် ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်နေသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

သေဆုံးသူအချို့ကို လုံချည်ဖြင့်ဖုံးထားသည့်ကိုတွေ့ရသဖြင့် မြန်မာအလုပ်သမားများဖြစ်နိုင်ကြောင်း ကနဦးကောက်ချက်ချထားသော်လည်း အတည်ပြုရန် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာကို အခင်းဖြစ်ပွားရာနေရာတွင် မတွေ့ရကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

၎င်းတို့အနက် နှစ် ဦးမှာ အသက် ၃၀နှင့် ၄၀ နှစ်အရွယ်များဖြစ်ကြပြီး ကျန်တစ်ဦးမှာ အသက် ၁၈ နှစ်အရွယ်ဖြစ်သည်ဟု ဆိုသည်။၊

သေဆုံးသူများသည် မလေးရှားသို့ သွားရန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများ ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါအလောင်းများကို အမှိုက်ကောက်သူတစ်ဦးမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရွာသူကြီးမှတစ်ဆင့် ရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ရဲတပ်ဖွဲ့ကမူ အဆိုပါသုံးဦးမှာ အခြားတစ်နေရာတွင် အသတ်ခံရပြီးမှ လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်သည်ဟုယူဆထားသည်။

အခင်းဖြစ်ပွားရာနေရာမှ သက်သေအထောက်အထားများကို သိမ်းဆည်းကာ ကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

Ref:The Thaiger, Matichon Online, CH 7, Khaosod Online