သတိပေးချက်
September 20, 2026

ဘန်ကောက် ဖလန်စောင်အဝေးပြေးလမ်းပြိုကျမှုတွင် မြန်မာတစ်ဦးထပ်မံသေဆုံး

March 17, 2025

March 17, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မတ်လ ၁၅ ရက် နံနက်က ဆောက်လက်စ ဖလန်စောင်အဝေးပြေးလမ်းမကြီး ပြိုကျမှုကြောင့် ဒဏ်ရာရသူများအနက် မြန်မာတစ်ဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူ မြန်မာအလုပ်သမားသုံးဦးအထိ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

လမ်းပြိုကျမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ထတ်ဆင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော မြန်မာနိုင်ငံသားတစ်ဦးသည် မတ်လ ၁၆ ရက်တွင် ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာခဲ့သည်။ ယင်းအနက် ထိုင်းနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦး ပါဝင်သည်။ သေဆုံးသော မြန်မာနိုင်ငံသားများမှာ ကိုဇင်ကိုအောင်၊ ကိုနိုင်လင်းအောင်နှင့် ကိုသိန်းဝေတို့ ဖြစ်ကြသည်။

ဆောက်လုပ်ရေးကုမ္ပဏီဘက်က သေဆုံးသူများအတွက် မိသားစုဝင်များအား လျော်ကြေး အနည်းဆုံး ဘတ် တစ်သန်းစီ ပေးမည်ဟု ထိုင်းအာဏာပိုင်များထံ ကတိပြုထားကြောင်း သတင်းတွင် ဖော်ပြသည်။

ဆောက်လက်စ အဝေးပြေးလမ်းမကြီးသည် မတ်လ ၁၅ ရက် နံနက် ၂ နာရီခန့်က လုပ်ငန်းခွင်ထဲ အလုပ်သမား ၃၀ ကျော် ကွန်ကရစ်လောင်းနေချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုကျမှုတွင် ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသူ ၂၆ ဦးအထိ ရှိသေးကြောင်း သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် ပြိုကျနေသော အပျက်အစီးများကို ဖယ်ရှားနေဆဲဖြစ်ပြီး ပြိုကျမှုဖြစ်သော လမ်းပိုင်းကို ပိတ်ထားဆဲဖြစ်ကြောင်း ဖော်ပြသည်။

Ref: Bangkok Post, The Nation Thailand, Thai PBS world