သတိပေးချက်
June 18, 2026

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်များကို နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် စတင်ထုတ်ပေး

June 18, 2026

June 18, 2026

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများထဲက မြန်မာဒုက္ခသည်များအား နေထိုင်အလုပ်လုပ်ခွင့်ပြုသည့် မှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ထုတ်ပေးရေး အစီအစဉ်ကို ဇွန်လ ၁၇ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို စတင်ထုတ်ပေးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာဒုက္ခသည်များအား ပန်းရောင်ကတ် ထုတ်ပေးသည့် အခမ်းအနားကို ဇွန်လ ၁၇ ရက် နံနက် ၁၀ နာရီက ရတ်ချ်ဘူရီခရိုင် စွေဖွတ်မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် ဒုက္ခသည်စခန်း ကိုးခုအနက် ဘန်းထမ့်ဟင်းဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို ပန်းရောင်ကတ် စတင်ထုတ်ပေးခဲ့ပြီး ၎င်းတို့သည် ခွင့်ပြုထားသော ဒေသအတွင်း သွားလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။

အကယ်၍ အခြားခရိုင်များသို့ သွားလိုပါက သက်ဆိုင်ရာခရိုင်ရုံးများတွင် ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပန်းရောင်ကတ် နောက်ကျောတွင် QR code ပါရှိပြီး အလုပ်လုပ်ခွင့် ၁ နှစ် ခွင့်ပြုထားကာ သတ်မှတ်ဒေသတွင် ပြန်လည်သက်တမ်းတိုးနိုင်ကြောင်း ဖော်ပြသည်။

ပန်းရောင်ကတ်သည် လူသားချင်းစာနာမှုအတွက် ထုတ်ပေးထားသော မှတ်ပုံတင်ကတ်သာဖြစ်ပြီး ထိုင်းနိုင်ငံသားဖြစ်ခွင့်၊ ထိုင်းနိုင်ငံသား ခံယူခွင့်နှင့် နိုင်ငံသားအခွင့်အရေးများ ရရှိမည်မဟုတ်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခများကြောင်း ထွက်ပြေးလာသော ဒုက္ခသည်များကို ထိုင်းနိုင်ငံက ၁၉၈၄ ခုနှစ်ကတည်းက ယာယီစခန်းများ တည်ဆောင်၍ ခိုလှုံခွင့်ပြုခဲ့ပြီး လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

မြန်မာဒုက္ခသည်များကို ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး စည်းမျဉ်းများကို ရေးသားခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးဌာနက ပြောသည်။

မြန်မာဒုက္ခသည်များကို ပန်းရောင်ကတ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်တွင် UNHCR က ဘဏ္ဍာရေး ထောက်ပံ့ပေးထား ကြောင်း ဖော်ပြသည်။

မြန်မာဒုက္ခသည်များသည် ပန်းရောင်ကတ်များဖြင့် ကျန်းမာရေး၊ ဘဏ်၊ ဆက်သွယ်ရေး၊ အလုပ်အကိုင်ရှာဖွေရေးနှင့် အခြားသော အခွင့်အရေးများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ယခုအစီအစဉ်က မြန်မာဒုက္ခသည်များ၏ လုံခြုံရေးကို တိုးမြှင့်ပေးရုံသာမက နေ့စဉ်ဘဝတွင် ပုံမှန်ဆုံးဖြတ်ချက်များဖြင့် လွပ်လပ်စွာ‌ နေထိုင်နိုင်ပြီး အနာဂတ်အတွက် အစီအစဉ်များကိုပါ ချမှတ်နိုင်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြသည်။

ပန်းရောင်ကတ် ထုတ်ပေးခြင်းကလည်း ထိုင်းအစိုးရအတွက်လည်း မြန်မာဒုက္ခသည်များနှင့် ဆိုင်သော အချက်အလက်များကို တိတိကျကျ ရရှိလာမည်ဖြစ်သည်။

Ref: Khaosod English, The Reporter