ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်ရတ်ချ်စီမားခရိုင် ရထားလမ်းအနီးတွင် မြန်မာနိုင်ငံသားတစ်ဦး ထိုးသွင်းဒဏ်ရာ အပြင်းအထန်ရရှိကာ လဲကျနေသည်ကို တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၂၀ ရက် ညက နခွန်ရတ်ချ်စီများမြို့ ကျီရာရထားလမ်းမှတ်တိုင်အနီးတွင် လူတစ်ဦး ဒဏ်ရာရကာ မြေကြီးပေါ် လဲကျနေပြီး လက်တွင် အိတ်တစ်လုံး ကိုင်ဆောင်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
ဒဏ်ရာရရှိသူမှာ အသက် ၃၅ နှစ်အရွယ် ကိုအောင်ကျော်စိုး အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ညာဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာဖြင့် သွေးထွက်လွန်နေကာ စိုးရိမ်ရ အခြေအနေဖြစ်ကြောင်း ဆိုသည်။
၎င်းကို ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးကုသပေးပြီးနောက် မဟာရတ်နခွန်ရတ်ချ်စီမားဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
အနီးတွင် အင်္ကျီနှင့် အရက်ပုလင်းများကို တွေ့ရပြီး ဓားနှင့် အခြားသူများကိုမူ မတွေ့ရကြောင်း ဆိုသည်။
ထို့ကြောင့် အချင်းချင်း အရက်သောက်စဉ် စကားများရန်ဖြစ်ပြီး ချွန်ထက်သောအရာဖြင့် ထိုးသွင်းခဲ့ပြီးနောက် ထွက်ပြေးသွားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦးကောက်ချက်ချထားသည်။
အခင်းဖြစ်သောနေရာသည် စွန့်ပစ်ထားသော အမှိုက်ပုံဖြစ်ပြီး အနီးနေထိုင်သူတစ်ဦးက ငိုသံကြား၍ လာကြည့်ရာမှ ဒဏ်ရာရနေသည်ကို တွေ့ရသဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူကို ရဲတပ်ဖွဲ့က ခြေရာခံ၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Khaosod, Joe Joe






