ထိုင်းနိုင်ငံအရှေ့ပိုင်း ရယွန်ခရိုင်တွင် အနှိပ်ခန်းအမည်ခံဖွင့်ထားသော ပြည့်တန်ဆာလုပ်ငန်းကို ရဲတပ်ဖွဲ့က အသွင်ယူဝင်ရောက်ဖမ်းဆီးရာမှ မြန်မာနိုင်ငံသား လေးဦးအပါအဝင် နိုင်ငံခြားသား ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ရယွန်ခရိုင်၊ ပလွတ်ဒဲန်းဒေသတွင် ဖွင့်လှစ်ထားသော ကူကျူလင်ကျန်းမာရေးအနှိပ်ခန်း၌ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေသည်ဟု သတင်းရရှိသဖြင့် မေလ ၂၁ ရက်နေ့က ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦးက အသွင်ယူ၍ အနှိပ်ခန်းထဲသို့ ဝင်ရောက်စဉ် မြန်မာအမျိုးသမီးတစ်ဦးက လာရောက်နှုတ်ဆက်ခဲ့ပြီး ဝန်ဆောင်မှုများကို ရှင်းပြကာ ခန္ဓာကိုယ်ကို နှိပ်ပေးခဲ့ကြောင်း၊ ယင်းနောက် မိနစ် ၅၀ လျှင် ဘတ် ၄,၅၀၀ ဖြင့် လိင်ဝန်ဆောင်မှုယူရန် ကမ်းလှမ်းခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်က ငွေပေးချေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ဆိုင်မန်နေဂျာက ရဲတပ်ဖွဲ့ဝင်ကို အပေါ်ထပ်အခန်းထဲသို့ ခေါ်ဆောင်လာခဲ့စဉ် ဗီယက်နမ်အမျိုးသမီးနှစ်ဦးက ဝန်ဆောင်မှုပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရသဖြင့် အခြားရဲတပ်ဖွဲ့ဝင်များထံ အချက်ပြကာ အနှိပ်ခန်းကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါအနှိပ်ခန်းအတွင်း လိင်ဝန်ဆောင်မှုပေးသော အခန်း ၁၀ ခန်းကို တွေ့ရှိရပြီး ကုတင်၊ ကွန်ဒုံးများနှင့် ချောဆီများကို သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။
အနှိပ်ခန်းအတွင်းမှ ဆိုင်မန်နေဂျာနှင့် အလုပ်သမား နိုင်ငံခြားသား ၈ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား လေးဦး၊ တရုတ်နိုင်ငံသား ၂ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၂ ဦး ပါဝင်ကြောင်း သတင်းတွင်ဖော်ပြသည်။
ထို့ကြောင့် ဆိုင်မန်နေဂျာ (သို့မဟုတ် ဆိုင်တာဝန်ခံ) ကို နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားမှု၊ ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင် စီစဉ်လုပ်ကိုင်မှုနှင့် အခြားဆက်စပ်အမှုများဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
ကျန်ရှိသော မြန်မာနှင့် နိုင်ငံခြားသား အလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ပတ်သက် လုပ်ကိုင်မှုတို့ဖြင့် အမှုဖွင့်ခဲ့သည်။
လက်ရှိတွင် နိုင်ငံအတွင်း တရားမဝင် လုပ်ငန်းလုပ်ကိုင်မှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားမှုများကို ထိရောက်စွာ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Thairath, MGR Online, Matichon Online






