ထိုင်းနိုင်ငံမြောက်ပိုင်း ဖိချစ်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇွန်လ ၂၁ ရက်က ဖိချစ်ခရိုင် ထပ်ခလောဒေသရှိ လမ်းဘေးတောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် ရှိနေသည်ဟု သတင်းပေး တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၁ ဦးကို တွေ့ရှိသဖြင့် စစ်ဆေးရာ နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် မဲဆောက်မြို့မှတစ်ဆင့် ချွန်ဘူရီခရိုင်သို့ ကားဖြင့်လာစဉ် ကားသမားက လမ်းဘေးတွင် ချထားခဲ့သဖြင့် နောက်ထပ်လာခေါ်မည့်ကားကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရကြောင်း မြန်မာများက ထွက်ဆိုထားသည်ဟု ဆိုသည်။

အဆိုပါနေရာသည် တရားမဝင် ပို့ဆောင်သူများ အသုံးပြုနေကျ လမ်းကြောင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ဂိတ်ချ စစ်ဆေးနေသဖြင့် ကားသမားက မြန်မာနိုင်ငံသားများကို လမ်းဘေးတွင် ချထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူရန် ထပ်ခလောရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
ပြီးခဲ့သော မေလကလည်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၄၅၀ ကျော်အထိ ရှိခဲ့ကြောင်း Dawei Watch ၏ အချက်အလက် စုစည်းချက်များအရ သိရသည်။
Ref: Khaosod, CH 7, Phichit News






