သတိပေးချက်
September 22, 2026

ထိုင်းတွင် မြန်မာလုပ်သားများ အလုပ်ပါမစ်သက်တမ်းတိုးရက် မေလလယ်အထိတိုးပေး

January 23, 2023

January 23, 2023
ပုံစာ - ပတ်စ်ပို့သက်တမ်းတိုးရန်အတွက် ရက်ချိန်းတိုကင်ရယူရန် ဇန်နဝါရီလ ၁ဝရက်က တန်းစီနေသူများ။

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) သက်တမ်းကုန်ဆုံးကြမည့် မြန်မာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပါမစ် နောက်ဆုံးသက်တမ်းတိုးရမည့် ရက်ကို ထိုင်းအစိုးရက မေလလယ်အထိ အချိန်တိုးပေးလိုက်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပါမစ်သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများစွာရှိနေပြီး အဆိုပါအလုပ်သမားများမှာ သက်တမ်းတိုးရန် အချိန်မလုံလောက်ဖြစ်နေသဖြင့် ယခုကဲ့သို့ အချိန်တိုးပေးလိုက်ခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။

FED သည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

“အားလုံးက ၁၃ ရက်နေ့ ဖေဖော်ဝါရီမှာ သက်တမ်းကုန်ကြမှာပဲလေ။ ဒါကို သက်တမ်းတိုးဖို့ အချိန်က ဘယ်လိုမှ မလောက်နိုင်ဘူး။ အဲဒါကြောင့် ၅ လပိုင်း ၁၅ ရက်နေ့အထိ အချိန်ကာလကို နောက်ဆုတ်ပေးလိုက်တာပဲ” ဟု FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ပြောသည်။

မြန်မာအလုပ်သမားအများစုသည် ပတ်စ်ပို့စာအုပ် သက်တမ်းတိုးရန်နှင့် မည်သူမည်ဝါဖြစ်ကြောင်းစာအုပ်အသစ် (CI) ပြုလုပ်ရန်အတွက် စောင့်ဆိုင်းနေကြရပြီး စာအုပ်ပြုလုပ်ရန် မြန်မာသံရုံး၏ ရက်ချိန်းတိုကင်စနစ်မှာလည်း အချိန်အားဖြင့် ရှည်ကြာနေခဲ့ကြောင်း Bangkok Post သတင်းဌာနက ယနေ့ ရေးသားထားသည်။

သို့ဖြစ်၍ မြန်မာအလုပ်သမားများအနေဖြင့် Work Permit များကို ဖေဖော်ဝါရီလ ၁၃ ရက် မတိုင်မီ သက်တမ်းတိုးရန် အချိန်မလုံလောက်နိုင်ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများနည်းတူ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများမှ အလုပ်သမားများလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့နေခဲ့ရပြီး ၎င်းတို့၏ ပတ်စ်ပို့စာအုပ်များကိုလည်း‌ ဖေဖော်ဝါရီလ နောက်ပိုင်းမှသာ ရရှိမည်ဟု မျှော်လင့်ထားကြကြောင်း သတင်းတွင် ဖော်ပြသည်။

Work Permit သက်တမ်းတိုးလျှောက်ရန်အတွက် အဆင်ပြေစေနိုင်ရန် ထိုင်း အလုပ်အကိုင်ခန့်ထားရေးဌာနက စည်းမျဉ်းအချို့ကို ပြင်ဆင်ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

ပြင်ဆက်ချက်အရဆိုလျှင် Work Permit သက်တမ်းတိုးရန် 7-Eleven စတိုးဆိုင်များတွင် ဖေဖော်ဝါရီ ၁၃ ရက်မတိုင်မီ ငွေပေးချေထားရမည်ဖြစ်သည်ဟု ဆိုသည်။

ပတ်စ်ပို့စ် စာအုပ်များအပါအဝင် Work Permit သက်တမ်းတိုးရန်အတွက် လိုအပ်သော စာရွက်စာတမ်း အထောက် အထားများကိုမူ မေလ ၁၅ ရက်နေ့မတိုင်မီ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ရေးသားထားသည်။

မေလ ၁၅ ရက်နေ့မတိုင်မီ Work Permit သက်တမ်းတိုးဆောင်ရွက်ရာတွင် ငွေချေဖြတ်ပိုင်းနှင့်တကွ Work Permit ထုတ်ရန် ခွင့်ပြုချက်ရရှိထားသူများ (ဘော်တော် ၅၀) ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း FED ထံမှ သိရသည်။

ဘော်တော် ၅၀ ပုံစံစာရွက်ဆိုသည်မှာ ခွင့်ပြုချက်အား စစ်ဆေးရန်နှင့် တင်သွင်းရမည့် စာရွက်စာတမ်းများ ပြည့်စုံသည့်အခါ Work Permit ထုတ်ပေးရာတွင် အသုံးပြုရန်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။