သတိပေးချက်
September 22, 2026

ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၃၀ဦး ဖမ်းဆီးခံရ

February 23, 2023

February 23, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၀ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

တိုယိုတာကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင်တင်ဆောင်လာသည်ဟု သတင်းရထားသဖြင့် ယင်းကား စစ်တပ်စစ်ဆေးရေးဂိတ်ကို ဖြတ်လာချိန်တွင် ရပ်တန့်ရှာဖွေခံရန် အချက်ပြသော်လည်း မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း ရေးသားထားသည်။

စစ်တပ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့များ နောက်က လိုက်လံဖမ်းဆီးခဲ့ရာ ကီလိုမီတာ ၂၀ ခန့်အကွာ ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသရောက်တွင် အဆိုပါပစ်ကပ်ကားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၀ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားမောင်းသမား တစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း‌ ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်ဒေသများမှ လာရောက်ကြခြင်းဖြစ်ပြီး စမွတ်စခွန်၊ ရယွန်၊ ကန်ချနဘူရီနှင့် ဘန်ကောက်ခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများတွင် ခရီးသွားအထောက်အထား တစ်စုံတစ်ရာမတွေ့ရဘဲ အဆိုပါခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသူများကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးခဲ့ပြီး မတွေ့ရှိရသဖြင့် ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ထို့ဖာ့ဖမ်းရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟုဆိုသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သဖြင့် ယခုဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ ၅၀၀ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း Dawei Watch ပြုစုထားသည့် အချက်အလက်အရ သိရသည်။

Ref: News Workpoint 23, Highway Police