သတိပေးချက်
April 23, 2026

မောင်းပြေးသည့်ကားကို ထိုင်းရဲက ပစ်ခတ်ဖမ်းဆီး၊ ကား အုန်းပင်ဝင်တိုက်ပြီး မြန်မာ ၁၀ ကျော်ဖမ်းဆီးခံရ

April 23, 2026

April 23, 2026

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးမခံဘဲ မောင်းပြေးခဲ့သော အိမ်စီးကားကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ဖမ်းဆီးရာမှ ကားသည် အုန်းပင်ကို ဝင်တိုက်ခဲ့ပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဧပြီလ ၂၂ ရက် ညနေ ၆ နာရီခန့်တွင် နခွန်ပထုံခရိုင် ဘန်းဖျောင်း-ဖာ့ပထုံး အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေခဲ့သည်။

ယင်းအချိန် အိမ်စီးကားတစ်စီးသည် ပုံမှန်အလေးချိန်ထက် ပို၍ မောင်းနှင်လာသည်ကို တွေ့ရသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဖော်ပြသည်။

ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်၍ ရပ်တန့်စစ်ဆေးရန် ထပ်မံအချက်ပြ ပြောဆိုခဲ့ကြောင်း ဆိုသည်။

ကားသည် လမ်းကြောင်းပြောင်းကာ စမွတ်စခွန်ခရိုင် ဘန်ဖျောင်းဒေသသို့ မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က ဘန်းဖျောင်းရဲစခန်းသို့ အကြောင်းကြား၍ အကူအညီတောင်းကာ ထပ်မံလိုက်လံဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့က ကားကို ရပ်တန့်စေရန် အနောက်ဘီးကို သေနတ်ပစ်ခတ်ခဲ့စဉ် ကားသည် အုန်းတောထဲသို့ ထပ်မံမောင်းပြေးသွားခဲ့ရာမှ လမ်းချော်သွားကာ အုန်းပင်ကို ဝင်တိုက်ခဲ့ကြောင်း ဖော်ပြသည်။

ကားကို အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသားက မောင်းနှင်လာပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိထားသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ကားထဲတွင် ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၂ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း‌ ဖော်ပြသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား အားလုံးကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူရန် ဘန်းဖျောင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: PPTT HD, 77 Khaoded, Daily News, MC News