သတိပေးချက်
September 21, 2026

ပွဲစားခ ဘတ်နှစ်သောင်းစီပေး၍ ဝင်လာသော မြန်မာ ၂၀ နီးပါး ထိုင်းတွင် ထပ်မံဖမ်းဆီးခံရ

June 24, 2026

June 24, 2026

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၀ ခန့်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဇွန်လ ၂၄ ရက် နခွန်စဝမ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့များက ဂိတ်ချစစ်ဆေးနေစဉ် ပုံမှန်အလေးချိန်ထက် ပိုများနေသော မသင်္ကာစရာ ကားနှစ်စီးကို ရပ်တန့်စစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ကားနှစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ၁၉ ဦး ပြည့်ကျပ်စွာ လိုက်ပါလာသည်ကို တွေ့ရပြီး ၎င်းတို့အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံသား ၁၉ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမား ၂ ဦးကို ဖမ်းဆီးခဲ့ဟုဆိုသည်။

မြန်မာနိုင်ငံသားများကို နခွန်စဝမ်ခရိုင်မှတစ်ဆင့် ဘန်ကောက်နှင့် ပရာကျင်ဘူရီခရိုင်များသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ပို့ဆောင်ခအနေဖြင့် တစ်ဦးလျှင် ဘတ် ၁၇၀၀၀ ရရှိမည်ဖြစ်ကြောင်း ကားသမားများက ဝန်ခံထားသည်။

မြန်မာနိုင်ငံသားများက တာ့ခ်ခရိုင်မှတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာပြီး ထိုင်းနိုင်ငံ အတွင်းပိုင်းခရိုင်များသို့ သွားရန် ပွဲစားများကို ဘတ် ၂၀၀၀၀ အထိ ပေးချေခဲ့ရကြောင်း ဖြေကြားထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးနှင့် မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူနိုင်ရန် နခွန်စဝမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ဇွန်လ ၂၃ ရက်နေ့ ညကလည်း ဖက်ချ်ဘူရီခရိုင်တွင် ကားမှောက်မှုကြောင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့သေးသည်။

ဇွန်လ ၂၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ဖိချစ်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရသေးသည်။

Ref: Kanchanaburi News, Nakhon Sawan News, Highway Police