သတိပေးချက်
June 25, 2026

ထိုင်းတွင် ရွှေဆွဲကြိုး အလစ်သုတ်သဖြင့် မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

June 25, 2026

June 25, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နခွန်ပထုံခရိုင်တွင် မြန်မာအမျိုးသမီးထံမှ ရွှေဆွဲကြိုး အလစ်သုတ်ခိုးယူသွားသော မြန်မာအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၂၁ ရက်က နခွန်ပထုံခရိုင် အုန်းယိုင်ဒေသတွင် ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးသည် စက်ဘီးစီးလာသော အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီး၏ လည်ပင်းမှ ရွှေဆွဲကြိုးတစ်ကုံးကို အလစ်သုတ်ခိုးယူထွက်ပြေး သွားကြောင်း ဖော်ပြသည်။

ရွှေဆွဲကြိုးသည် တစ်ဘတ်သား အလေးချိန်ရှိပြီး ကာလတန်ဖိုး ဘတ် ခုနစ်သောင်းဝန်းကျင်ရှိသည်။

မြန်မာအမျိုးသမီးသည် ဖြစ်စဉ်နှင့် သံသယရှိသူ အချက်အလက်များကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က အမျိုးသား ထွက်ပြေးသွားသော လမ်းကြောင်းကို CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ စုံစမ်းခဲ့ကြောင်း‌ ဖော်ပြသည်။

ယင်းနောက် ဇွန်လ ၂၃ ရက်တွင် စမွတ်စခွန်ခရိုင် အုန်းနွဲ့ဒေသ စက်ရုံတစ်ခုအနီးတွင် အသက် ၃၀ အရွယ် ကိုဝေယံလင်းအမည်ရှိ မြန်မာအမျိုးသားကို ဖမ်းဆီးရမိကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအမျိုးသားနှင့်အတူ ခိုးယူစဉ် အသုံးပြုခဲ့သော ဆိုင်ကယ်၊ အဝတ်အစားများကို သိမ်းဆည်းခဲ့ပြီး ခိုးယူခဲ့သော ရွှေဆွဲကြိုးကို ရောင်းချလိုက်ပြီဟု ဝန်ခံခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ရွှေရောင်းချထားသော ဘောင်ချာကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအမျိုးသားသည် အကြွေးဆပ်ရန်နှင့် ပြည်တွင်းရှိ ဇနီးနှင့် ကလေးများကို ငွေပို့ပေးနိုင်ရန်အတွက် ကျူးလွန်ခဲ့ကြောင်း ဝန်ခံချက်ကို ဖော်ပြသည်။

အဆိုပါမြန်မာအမျိုးသားကို ဖိုးကောင်းရဲစခန်းတွင် ဖမ်းဆီးထားပြီး ခိုးယူမှုဖြင့် အမှုဖွင့်ထားသည်။

Ref: MGR Online, Siamrath, TalknewOnline