သတိပေးချက်
September 22, 2026

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ကို ထိုင်းရဲဖမ်းဆီး

August 25, 2025

August 25, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် တောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စန်ခရာဘူရီခရိုင် တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက်ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းနယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထိုင်းစစ်တပ်များ သွားရောက်စစ်ဆေးစဉ် တောထဲ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၃၈ ဦး စုစုပေါင်း ၁၀၀ ဦးကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအားလုံးတွင် တရားဝင် နယ်စပ်ဖြတ်သန်းခွင့်နှင့် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရဟုဆိုသည်။

မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်လာကြပြီး လှေဖြင့် ခရီးဆက်ခဲ့ကြရာ ယခုနေရာသို့ ရောက်ရန် ခရီးစဉ် လေးရက်ကြာခဲ့ကြောင်း၊ ပွဲစားလာခေါ်မည့်အချိန်ကို စောင့်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

မြန်မာနိုင်ငံသားများအနက် အချို့သည် ဘန်ကောက်မြို့သို့ သွားရန် ဝင်လာကြပြီး အချို့သည် မလေးရှားအထိ သွားရန် ဝင်လာကြခြင်းဖြစ်ကြောင်း၊ ခရီးစရိတ်အတွက် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ပေးချေပြီးဖြစ်သော်လည်း လမ်းခုလတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Kanchanaburi News, Matichon Online