မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်နေသော မြန်မာပွဲစားခေါင်းဆောင် တစ်ဦးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ထုတ်ပြန်သည်။
ဧပြီလ ၂၅ ရက်က ချင်းမိုင်မြို့ ဆာရာဖီဒေသ အခန်းထဲတွင် အသက် ၃၆ နှစ်အရွယ် မြန်မာပွဲစားကို ထိုင်းရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသော မြန်မာပွဲစားသည် ပြီးခဲ့သော မတ်လ ၉ ရက်ကတည်းက အထောက်အထားမဲ့ နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှု၊ နေရာထိုင်ခင်း ကူညီပေးမှုဖြင့် ဖိချစ်တရားရုံးက ဝရမ်းထုတ်ထားခဲ့သည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၆ ရက်က ဖိချစ်ခရိုင်တွင် မြန်မာအလုပ်သမား ၂၅ ဦးနှင့်အတူ ပွဲစားသုံးဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခဲ့စဉ် ကွင်းဆက်ကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော ပွဲစားသုံးဦးက ၎င်းတို့ကို မြန်မာပွဲစားခေါင်းဆောင်တစ်ဦးက စေခိုင်းခဲ့သည်ဟု ဝန်ခံခဲ့သဖြင့် ရဲတပ်ဖွဲ့က ဝရမ်းထုတ်၍ စုံစမ်းရှာဖွေဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
ဝရမ်းထုတ်ပြီးနောက် မြန်မာပွဲစားခေါင်းဆောင်သည် ချင်းမိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က အခန်းထဲ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဖမ်းဆီးခဲ့စဉ် ကားသုံးစီးနှင့် မိုဘိုင်းဖုန်းများကို တွေ့ရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တာချီလိတ်ဘက်မှ မယ်ဆိုင်ဒေသသို့ ဝင်လာသော မြန်မာနိုင်ငံသားများကို ချင်းမိုင်မြို့သို့ တရားမဝင် ပို့ဆောင်နေပြီး ပို့ဆောင်ခအနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးလျှင် ဘတ် ၃၅၀၀ နှုန်း ရရှိနေကြောင်း ဆိုသည်။
တစ်ကြိမ်လျှင် လူဦးရေ ၂၀ မှ ၅၀ အထိ ပို့ဆောင်နေပြီး တစ်လလျှင် ၁၀ ကြိမ်ခန့် ပို့ဆောင်နေကြောင်း မြန်မာပွဲစားခေါင်းဆောင်က ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ချင်းမိုင်မှတစ်ဆင့် မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်ရန်မူ ထိုင်းနိုင်ငံသားများနှင့် ပူးပေါင်း၍ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို မှောင်ခိုပို့ဆောင်မှုနှင့် ပတ်သက်၍ ကွင်းဆက်ကို ထပ်မံစုံစမ်းဖော်ထုတ်မည်ဖြစ်ပြီး ပါဝင်ပတ်သက်သူများကို အရေးယူမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတိပေးထားသည်။
Ref: TOJO






