သတိပေးချက်
May 27, 2026

ဘန်ကောက်တွင် ကလေးငယ်ကို တောင်းရမ်းခိုင်းသည့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

May 27, 2026

May 27, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ညအချိန် အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ပန်းရောင်းခိုင်းပြီး တောင်းရမ်းရန်စေခိုင်းခဲ့သော မြန်မာနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ မေလ ၂၇ ရက်နေ့ နံနက်က ဘန်ကောက်မြို့၊ စွမ်လွန်းနယ်မြေရှိ တိုက်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်ရှာဖွေစဉ် မစိုးစိုး၊ မနီနီဝင်းနှင့် ဦးဇော်တို့အမည်ရှိ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးသည် အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ညဘက်တွင် ပန်းနှင့် မုန့်များ လှည့်လည်ရောင်းချခိုင်းနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖတ်ခနုံတရားရုံးက မေလ ၂၆ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။

၎င်းတို့သည် ကလေးငယ်ကို ညနေ ၃ နာရီမှ နံနက် ၃ နာရီအထိ စားသောက်ဆိုင်နှင့် အရက်ဆိုင်များတွင် ပန်းနှင့် မုန့်များ လိုက်လံရောင်းချစေကာ တောင်းရမ်းခိုင်းကြောင်း၊ သတ်မှတ်ငွေပမာဏ ပြည့်အောင် မရခဲ့ပါက ကလေးငယ်ကို ရိုက်နှက်ပြီး အငတ်ထားလေ့ရှိကြောင်း စုံစမ်းစစ်ဆေးမှု ရလဒ်အရ သိရသည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ကလေးငယ်တွင် လက်ကျိုးသွားသည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းမှုရလဒ်တွင် ဖော်ပြထားသည်။

၎င်းတိုက်ခန်းအတွင်း၌ နောက်ထပ် ကလေးငယ် ၅ ဦးကိုလည်း တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းအရသိရသည်။

အဆိုပါ မြန်မာနိုင်ငံသား သုံးဦးက ကလေးငယ်များကို မြန်မာနိုင်ငံရှိ မိဘ/အုပ်ထိန်းသူများထံမှ သွားရောက်ခေါ်ယူလေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား သုံးဦးကို လူကုန်ကူးမှု၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုနှင့် တောင်းရမ်းခိုင်းစေမှုများဖြင့် အမှုဖွင့် အရေးယူထားသည်။

တိုက်ခန်းမှ ကယ်ထုတ်ထားသော ကလေးငယ်များကိုမူ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: Khaosod, Daily News, Matichon Online, Ch 3 Plus