သတိပေးချက်
May 27, 2026

အယုဒ္ဓယတွင် မြန်မာအချင်းချင်းဓားဖြင့်ထိုးသဖြင့် တစ်ဦးသေဆုံးပြီး ဖျန်ဖြေသူတစ်ဦး ဒဏ်ရာရ

May 27, 2026

May 27, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ရန်ဖြစ်ပြီး ဓားဖြင့်ထိုးသဖြင့် လူငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မေလ ၂၅ ရက် ည ၁၀ နာရီခန့်က အယုဒ္ဓယမြို့ ဘန်းမိုင်ဒေသ ကျောက်ဖရားမြစ် တူးဖော်ရေး စီမံကိန်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တန်းလျားတွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများရန်ဖြစ်ကြောင်း ဆိုသည်။

အသက် ၂၁ နှစ်အရွယ် ကိုထက်မြက်အောင်သည် ရင်ဘတ်၊ ဝမ်းဗိုက်၊ နောက်ကျောနှင့် ခြေထောက်တို့တွင် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ဝင်ရောက်ဖျန်ဖြေပေးခဲ့သော နောက်ထပ် မြန်မာအလုပ်သမားတစ်ဦးလည်း လက်မောင်းတွင် ဓားဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အခင်းမဖြစ်မီ မြန်မာနိုင်ငံသားများ အရက်သောက်နေကြပြီး နောက်ပိုင်းတွင် စကားများ ရန်ဖြစ်နေသော အသံကို ကြားရသဖြင့် သွားရောက် ဖျန်ဖြေခဲ့ရကြောင်း ထိုင်းနိုင်ငံသားတစ်ဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

အခန်းသို့ ပြန်လာပြီး မကြာမီပင် ထပ်မံရန်ဖြစ်သံကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဓားထိုးခံရသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့က အနီးအနားကို ရှာဖွေရာ ဓားကို တွေ့ရှိခဲ့ပြီး အရက်ပုလင်းနှင့် ခွက်များကိုပါ သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

ဓားဖြင့် ထိုးခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုဇော်မိုးလွင်ကို အခင်းဖြစ်သော နေရာတွင် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ကိုဇော်မိုးလွင်ကို လူသတ်မှုဖြင့် အမှုဖွင့်ထားသည်။

မည်သည့်အကြောင်းအရင်းကြောင့် ရန်ဖြစ်ကြသည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိသေးပေ။