လာမည့် မေလ ၁ ရက်နေ့မှစ၍ ပြည်ပရောက် မြန်မာအလုပ်သမားအနေဖြင့် ခွင့်ဖြင့် ပြည်တွင်း ပြန်လာပါက သက်ဆိုင်ရာနိုင်ငံများရှိ သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံများတွင် ထောက်ခံချက်ယူရမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ အလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
အကယ်၍ ခွင့်ပြန်လာသော မြန်မာအလုပ်သမားများအနေဖြင့် သံရုံးထောက်ခံစာ ယူရန် ပျက်ကွက်ခဲ့ပါက ပြည်ပထွက်ခွင့် ပိတ်ခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။
ပြည်တွင်းသို့ ခွင့်ရက်ဖြင့် ပြန်လိုသော မြန်မာအလုပ်သမားများသည် အလုပ်ရှင်ထံမှ ခွင့်စာကို ရယူရမည်ဖြစ်ပြီး ယင်းခွင့်စာဖြင့် သက်ဆိုင်ရာနိုင်ငံရှိ သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများတွင် ထောက်ခံစာ ရယူရမည်ဖြစ်သည်။
အကယ်၍ မြန်မာသံရုံးမရှိသော နိုင်ငံများတွင် နေထိုင်လုပ်ကိုင်သူဖြစ်ပါက နီးစပ်ရာနိုင်ငံများရှိ မြန်မာသံရုံးများသို့ သွားရောက်ပြီး ထောက်ခံစာ ရယူရမည်ဖြစ်ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် အငှားသူဌေးဖြင့် နေထိုင်လုပ်ကိုင်သူဖြစ်ပါက အလုပ်ရှင်ထောက်ခံစာ ရယူရန် ခက်ခဲနိုင်ပြီး ခွင့်ဖြင့် ပြည်တွင်းဝင်ရန် ခက်သွားနိုင်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အလုပ်ရှင် ငှားထားတဲ့သူတွေကျတော့ တိုင်ပတ်ကြပြီပေါ့။ ဒီမှာ (ဘန်ကောက်သံရုံး) ဘာမှတော့ မပြောကြသေးဘူး။ ထောက်ခံစာလည်း လာမယူကြသေးဘူး” ဟု သံရုံးနှင့် နီးစပ်သူက ဆိုသည်။
ခွင့်ရက်ပြန်မည့် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ဗီဇာနှင့် ခွင့်စာပါ လုပ်ငန်းခွင်၊ OWIC ကတ်တွင် ပါသော လုပ်ငန်းခွင်တို့ တူညီမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ပြုမည်ဖြစ်ပြီး လုပ်ငန်းခွင် မတူညီပါက မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိချိန် OWIC ကတ်အသစ်ကို ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ခွင့်ရက်ပြန် မြန်မာအလုပ်သမားများသည် ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်၍ အလုပ်ရှင်ခွင့်စာ၊ သံရုံးထောက်ခံစာနှင့်အတူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ၅ ရက်ကြိုတင်၍ လျှောက်ထားရမည်ဖြစ်သည်။
အကယ်၍ ခွင့်စာကို လိမ်လည်ရယူထားခြင်း၊ သံရုံးထောက်ခံစာ တင်ပြရန် ပျက်ကွက်ခြင်းများ ဖြစ်ပေါ်ပါက ပြည်ပထွက်ခွင့် ရက်အကန့်အသတ်ဖြင့် ပိတ်ပင်ခံရနိုင်ပြီး အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း သတိပေးထားသည်။






