ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင်တွင် မြန်မာအလုပ်သမား သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇွန်လ ၂၇ ရက် ညက ဖနွန်စာရမ်ခမ်းဒေသတွင် မြန်မာနိုင်ငံသားများနှင့် ထိုင်းကျေးရွာလုံခြုံရေး လုပ်အားပေးသမားတို့ စကားများ ရန်ဖြစ်ပြီးနောက် မြန်မာနိုင်ငံသားများ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် မြန်မာနိုင်ငံသား သုံးဦး သေနတ်ဒဏ်ရာများစွာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရပြီး သေဆုံးသွားသော မြန်မာနိုင်ငံသား သုံးဦး၏ အချက်အလက်များကို သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။
အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံသားတစ်ဦး ဓါးဒဏ်ရာ ရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က ဖနွန်စာရမ်ခမ်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အခင်းမဖြစ်ပွားမီ မြန်မာနိုင်ငံသားများသည် အုပ်စုလိုက် ဝိုင်းဖွဲ့ စားသောက်နေကြပြီး စပီကာများ အသုံးပြု၍ အသံကျယ်လောင်စွာ ဖွင့်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းအခြေအနေသည် ပတ်ဝန်းကျင်ကို ဆူညံစေသဖြင့် ထိုင်းနိုင်ငံသား ကျေးရွာလုံခြုံရေး လုပ်အားပေးနှစ်ဦးက မြန်မာနိုင်ငံသားများကို သွားရောက်သတိပေးခဲ့ကြောင်း ထိုင်းနိုင်ငံသားက ပြောသည်။

သတိပေးစဉ် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြပြီး မြန်မာနိုင်ငံသား ၁၀ ဦးခန့်က ဓါးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံသားတစ်ဦးက ဓါးထိုးခံရပြီး မြေပြင်သို့ လဲကျသွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။
ထို့ကြောင့် အခြားထိုင်းနိုင်ငံသားတစ်ဦးက ကိုယ့်ကိုယ်ကို ခုခံလိုသဖြင့် မြန်မာနိုင်ငံသား အုပ်စုကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
အခင်းဖြစ်သော နေရာတွင် ကျည်ဆံအခွံ ၁၆ ခုကို တွေ့ရသဖြင့် သေနတ် ၁၆ ချက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။
စကားများ ရန်ဖြစ်ခဲ့သော အကြောင်းအရင်းနှင့် မြန်မာနိုင်ငံသားများ၏ ထွက်ဆိုချက်ကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။
လက်ရှိတွင် သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က သက်သေစုဆောင်းနေဆဲဖြစ်ပြီး လူသတ်မှု ကျူးလွန်သူများကို အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Khaosod, Matichon Online, Top News






