သတိပေးချက်
September 22, 2026

နှစ်သစ်ကူးကာလ အဖမ်းအဆီးကြမ်းနေချိန် ကန်ချနဘူရီတွင် မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ

December 31, 2024

December 31, 2024

နှစ်သစ်ကူးကာလဖြစ်သော ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကန်ချနဘူရီခရိုင် ထုန်းဖားဖန်းဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် တရားမဝင် ဝင်ရောက်ပုန်းနေကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် နယ်ခြားစောင့်တပ်များက အနီးအနားကို တင်းတင်းကျပ်ကျပ် ကင်းလှည့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကင်းလှည့်စဉ် မသင်္ကာစရာ လူအုပ်စုနှင့် ကားတစ်စီးကို တွေ့ရသဖြင့် သွားရောက်စစ်ဆေးရာ စစ်သားများကို မြင်သည်နှင့် မြန်မာနိုင်ငံသားများက ပုန်းနေသော နေရာမှ ထွက်ပြေးခဲ့ကြကြောင်း သတင်းများအရသိရသည်။

ထွက်ပြေးနေသော မြန်မာနိုင်ငံသားများကို လိုက်လံဖမ်းဆီးခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ထိုင်းကားသမားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ထိုင်းကားသမားကလည်း မြန်မာနိုင်ငံသားများကို တရားမဝင် ခေါ်ဆောင်လာပြီး တောထဲတွင် နေခိုင်းထားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖြေကြားထားသည်ဟု သတင်းများအရသိရသည်။

ဖမ်းဆီးခံရသူ အားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ထုန်းဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထားသည်။

နှစ်သစ်ကူးကာလဖြစ်သည့် ဒီဇင်ဘာလကုန်ရက်များတွင် ထိုင်းနိုင်ငံနေရာအနှံ့တွင် အဖမ်းအဆီးကြမ်းနေပြီး မြန်မာနိုင်ငံသားများ ဆက်တိုက်ဖမ်းဆီးခံနေရသည်။

Ref: Daily News, Khaosod